ပုံစာ။ အောင်ဇော်မိုး - ဖားကန့်အကောင့်တွင် ဖော်ပြထားသော ဖမ်းဆီးခံ ဒုရဲအုပ်လင်းအောင်ကျော် ပုံရိပ်။

MT News

၁. ၅. ၂၀၂၄

မနေ့က မွန်းလွဲပိုင်းမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ရဲစခန်းက ဒုရဲအုပ်တစ်ဦးကို KIA နဲ့ PDF ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ကနဦး သိရှိရမှုအရ ဆိုင်းတောင်ရဲစခန်းက ဒုရဲအုပ်လင်းအောင်ကျော်ဟာ ဧပြီ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်အချိန်က အရပ်ဝတ်နဲ့အပြင်ထွက် ငွေလွှဲသွားချိန် လူစိမ်းအချို့က ပစ်ခတ်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် နီပွန်ပဲရစ်အနီး အရပ်ဝတ်ဖြင့် ငွေသားသွားလွှဲနေသည့် ဒုရဲအုပ် လင်းအောင်ကျော်ကို ယနေ့ (ဧပြီ ၊ ၃၀၊၂၀၂၄) နေ့လည် (၁း၃၀) ဝန်းကျင်တွင် KPDF တပ်ဖွဲ့ဝင်များမှ သေနတ်များပစ်ခတ်၍ ဖမ်းဆီးနိုင်ခဲ့‌ကြောင်း ကနဦးသိရှိရပါသည်”လို့ အောင်ဇော်မိုး ဖားကန့်အကောင့်မှာ ဖမ်းဆီးခံရတဲ့ဒုရဲအုပ်လင်းအောင်ကျော်ကို လက်ပြန်ကြိုးတုပ် ဒူးထောက်ထိုင်ခိုင်းထားပြီး အနားမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က လက်ဖျံတက်တူးထိုးထားတဲ့ပုံနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး KIA နဲ့ PDF တွေဘက်က သတင်းထုတ်ပြန်မှုမရှိသေးသလို ဖမ်းဆီးတဲ့အဖွဲ့ကလည်း ဝန်ခံချက်ထုတ်ပြန်တာမတွေ့ရသေးတာကြောင့် MT News သတင်းဌာနအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို ဆက်လက်အတည်ပြုနေပြီး တုံ့ပြန်ဖြေဆိုလာတာတွေ ထပ်မံဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *