၂၅.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တာ​​မွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ၁၆၄ လမ်းထိပ်၊ Y တံတားအောက်တွင် ဧပြီလ ၂၄ ရက် ည ၁၀ နာရီခန့်က တက္ကစီယာဥ်မောင်းတစ်ဦး ဓားထိုးအသတ်ခံရကြောင်း တာမွေမြို့နေသူများထံမှ သိရသည်။

ဓားဒဏ်ရာဖြင့် သေဆုံးသူမှာ အသက် ၄၈ နှစ်အရွယ် ဦးလှရွှေဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး/မြောက်ရပ်ကွက်၊ မန္တလေးလမ်းသွယ်(၃)တွင် နေထိုင်သူဖြစ်ပြီး Toyota Passo အမျိုးအစား အငှားယာဥ် မောင်းနှင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO)မှ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့အပ်ခဲ့ပြီး ပီအာရ် (၅၃)ဖြင့် လက်ခံထားကြောင်း သိရသည်။

ဓားထိုးသတ်ဖြတ်ခံရသူ၏ တက္ကစီယာဥ်မှာ မှန်များလည်းကွဲနေကြောင်း၊ အခင်းဖြစ်နေရာအရောက်တွင် ရပ်တန့်ထားသည့်ယာဥ်တစ်စီးကို ဝင်တိုက်မိပြီး ရပ်တန့်သွားကာ သေဆုံးသွားခြင်းဖြစ်ကြောင်း မည်သည့်နေရာတွင်ဖြစ်ခဲ့သည်ဆိုခြင်းနှင့် ဖြစ်စဥ်အသေးစိတ်အပါအဝင် ယာဥ်မောင်း ဓားထိုးအသတ်ခံရမှုနှင့်ပတ်သက်၍ အသေးစိတ်ကို တာမွေမြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကားသမားအသတ်ခံရတယ်ကြားရတာ စိတ်မကောင်းဘူး။ ကားသမားနဲ့ခရီးသည်တွေအနေနဲ့လည်း သူ့ ကိုယ်မယုံ ကိုယ့်သူမယုံဖြစ်နေတာ။ လူအခြေအနေကြည့်ပြီး ခရီးသည်ကို တင်ကြပါ။ ကားသမားကို ခရီးသည်က ကားလုပြီး လူသတ်တဲ့ အမှုတွေလည်း ရှိခဲ့တာဆိုတော့ ညပိုင်းကားမောင်းတဲ့သူတွေအနေနဲ့လည်း ပိုပြီးသတိထားသင့်တယ်”ဟု တာမွေမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News