၂၃. ၄. ၂၀၂၄
Written by Thettant

လားရှိုးမြို့နယ်တွင် တောင်ယာတဲကိုဝင်စစ်ရာမှ မူးယစ်ဆေးဝါးများနှင့် လက်နက်များကို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ ဧပြီလ ၂၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ ဟိုနားပန်ကျမ်းကျေးရွာနေ ရန်လူ၏တောင်ယာတဲအား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မပါးရီး(ခ)မရင်ကော့အား တွေ့ရှိပြီး တဲအတွင်းမှ ဘိန်းဖြူ အလေးချိန် ၀ ဒသမ ၅၉ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈ သိန်းခွဲ)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၁၅၀)၊ ဘိန်းစိမ်း အလေးချိန် ၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄ သိန်း)၊ လက်လုပ်သေနတ် ၄ လက်နှင့် မြန်မာငွေကျပ် ၇၈ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရန်လူ(၅၃)နှစ် နှင့် မပါးရီး(ခ)မရင်ကော့(၅၃)နှစ်တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *