၂၃. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းအစိုးရအနေဖြင့် မဲဆောက်မြို့နှင့်မျက်နှာချင်းဆိုင်မြို့ဖြစ်သလို မြန်မာနိုင်ငံ၏ အဓိကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများ အဆုံးသတ်ရန်အတွက် မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေးရရှိစေရေး ကြားဝင်စေ့စပ်ဆွေးနွေးပေးရန် အဆင့်သင့်ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး ထိုင်းအစိုးရ၏ ရပ်တည်ချက်သည် ငြိမ်းချမ်းရေးအဖြေရယူနိုင်ဖို့ အကြံပေးရန်နှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏အထွေထွေအတွင်းရေးမှူးတစ်ဦးဖြစ်သူ Dr . Prommin Lertsuridej က ပြောသည်။

၎င်းက” မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ဖို့ ထိုင်းအစိုးရဟာ လုပ်ဆောင်နိုင်တဲ့အရာအားလုံး လုပ်ဆောင်သွားမှာပါ။ ထိုင်းအစိုးရရဲ့အခန်းကဏ္ဍကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက မျှော်လင့်နေတယ်” ဟု ပြောသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်ရုံးအနေဖြင့် မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား စေ့စပ်ဆွေးနွေးရန် တိုက်ရိုက်တောင်းဆိုခြင်းမျိုးမရှိသေးသော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့ကြား ငြိမ်းချမ်းရေးအဖြေရယူနိုင်ရန် လုပ်ဆောင်ဖွယ်ရှိနေကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

ထိုင်းအစိုးရသည် လက်ရှိအချိန်တွင် မြဝတီမြို့၌ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူများကို လက်ခံကူညီပေးရန် ပြင်ဆင်နေကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများက ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးစက်လာမည်ကိုလက်မခံနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏အထွေထွေအတွင်းရေးမှူးက ထပ်မံပြောဆိုခဲ့သည်။

REF Thailandnews

Leave a Reply

Your email address will not be published. Required fields are marked *