၂၃.၄.၂၀၂၄
Translated by Htwe Ko Tun

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ၎င်းကိုယ်တိုင်ကြီးကြပ်၍ နျူကလီးယား တန်ပြန် တိုက်ခိုက်မှု ပုံတူစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဧပြီလ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဧပြီလ ၂၃ ရက်က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားစစ်ဘက်ကလည်း မြောက်ကိုရီးယားက ဧပြီလ ၂၂ ရက်တွင် တာတိုပစ်တိုက်ချင်းပစ် ဒုံးကျည်အချို့ ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တောင်ကိုရီးယားစစ်ဘက်က မြောက်ကိုရီးယားပစ် လွှတ်သော ဒုံးကျည်များသည် ကီလိုမီတာ ၃၀၀ ခန့်အကွာရှိ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ပင်လယ် ရေပြင်သို့ လာရောက်ထိမှန်ခဲ့ကြောင်းလည်း ပြောခဲ့သည်။ ဤသို့ပစ်လွှတ်မှုက ဗြောင်ကျလှသော ရန်စမှုတစ်ရပ်လည်းဖြစ်သည်ဟု တောင်ကိုရီးယားဘက်ကပြောခဲ့သည်။

ဂျပန်နိုင်ငံအစိုးရပြောရေးဆိုခွင့်ရှိသူကလည်း မြောက်ကိုရီးယားတို့ပစ်လွှတ်သော ဒုံးကျည်တစ်စင်းက နိုင်ငံ၏ စီးပွားရေးရေပိုင်နက်အတွင်း ကျရောက်ခဲ့ကြောင်း ပြောခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် ပစ်လွှတ်သော ဒုံးကျည်များက ၃၅၂ ကီလိုမီတာ(၂၁၉ မိုင်) အကွာအဝေးရှိ ကျွန်းပေါ်မှပစ်မှတ်များကိုထိမှန်ခဲ့ရာ ကင်ဂျုံအန်းက များစွာကျေနပ်အားရခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ဤကဲ့သို့ ဒုံးပျံများပစ်လွှတ်မှုက တစ်ပတ်အတွင်းနှစ်ကြိမ်မြောက်ပစ်လွှတ်ခြင်းလည်းဖြစ်ကာ ဧပြီလ ၁၉ ရက်ကလည်း မဟာဗျူဟာမြောက်ခရုစ်ဒုံးကျည်တွင် တပ်ဆင်ပစ်လွှတ်မည့် အလွန်ကြီးမားသည့်ထိပ်ဖူးကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။

စစ်ရေးသုံးသပ်သူအချို့ကမူ မြောက်ကိုရီးယားအနေဖြင့် ယူကရိန်းစစ်ပွဲတွင် အသုံးပြုနိုင်ရန် ရုရှားသို့ ခရုစ်ဒုံးကျည်များမပေးပို့မီ စမ်းသပ်နေခြင်းဖြစ်နိုင်ကြောင်းပြောခဲ့ကြသည်။ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားက ရုရှားနိုင်ငံသို့ ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် စစ်လက်နက်ပစ္စည်း ကုန်သေတ္တာ ၇,၀၀၀ ခန့်ပေးပို့ခဲ့သည်ဟု ပြောခဲ့သည်။

Ref- AFP

Leave a Reply

Your email address will not be published. Required fields are marked *