၂၃. ၄. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံ့စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံ၊ ရေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ သို့သော် စီးပွားရေးအရပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) တွင် ပြောကြားခဲ့သည်။

အဆိုပါ အချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေး ပိုမိုတိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုက်သင့်သည့် ငွေကြေးတန်ဖိုးတွင် တည်ငြိမ်နေရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးစေရေး၊ စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးနှင့် နိုင်ငံ၏ ငွေကြေးတန်ဖိုးများ ခိုင်မာစေရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News