April 28, 2024

ပြည်တွင်း ရွှေဆိုင်တစ်ခု၏ ခင်းကျင်းထားမှုအား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဥ် (ဓာတ်ပုံ- သတိုး)

၂၈. ၉. ၂၀၂၂

Written by Tha Doe

ပြည်တွင်းရွှေစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းအထိ ကျဆင်းလာခဲ့ပြီး နှစ်ရက်အတွင်း တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းခွဲကျော် ပြုတ်ကျခဲ့ကြောင်း ပြည်တွင်းရွှေစျေးကွက်အတွင်း စက်တင်ဘာ ၂၈ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းများအရ သိရသည်။

”ရွှေစျေးက ၂၆ ရက်အထိ ၂၇၆၀၀၀၀ လောက်မှာ တောင့်ခံနေသေးတယ်။ နောက်ရက်ကျတော့ ၂၆၈၀၀၀၀ လောက်အထိ ဆင်းသွားတယ်။ ဒီနေ့ကျတော့ အဖွင့်စျေးမှာ ၂၆၆၀၀၀၀ လောက်နဲ့ စဖွင့်ပေမဲ့ နေ့လယ်ဘက်မှာ ၂၆ သိန်းအထိ ထိုးဆင်းသွားတယ်။ နှစ်ရက်အတွင်း တစ်ကျပ်သားကို တစ်သိန်းခွဲကျော် ပြုတ်ကျသွားတဲ့ သဘောပေါ့။ အမေရိကန်မှာက အတိုးနှုန်းမြှင့်တော့ ကမ္ဘာ့ရွှေစျေးကလည်းကျ ပြည်တွင်းမှာကလည်း ရုရှားရွှေတွေ ဝင်နေတယ်လို့ သတင်းတွေ ထွက်လာတာရော အစိုးရက စျေးချချရောင်းနေတာရောကြောင့် ရွှေစျေးကစားသူတွေလည်း ဆွဲမတင်နိုင်တော့ဘဲ ဆက်တိုက်ကျနေတဲ့ သဘောပေါ့။ ဒီပုံစံအတိုင်းဆို စျေးက ဆက်ဆင်းနေမဲ့သဘောရှိတယ်” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ရွှေစျေးကွက်အတွင်း အခြေအနေအပေါ် ပြောသည်။

ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စ ဒေါ်လာ ၁၆၂၀ အထိ ကျဆင်းလာခဲ့ပြီးနောက် နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် တစ်အောင်စ ၁၆၂၁ ဒသမ ၂၄ ဒေါ်လာသို့ ပြန်ရောက်ခဲ့သည်။ အဆိုပါ ရွှေစျေးကျဆင်းမှုမှာ ရက်ပေါင်း ၃၀ အတွင်း ဒေါ်လာ ၁၀၀ ခန့်ကျဆင်းခြင်းဖြစ်ကာ ခြောက်လအတွင်းဆိုပါက ဒေါ်လာ ၃၀၀ နီးပါး ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

ရွှေစျေးကျဆင်းနေသော်လည်း ဒေါ်လာစျေးနှုန်းအညွှန်းကိန်း(DXY) မှာမူ စက်တင်ဘာ ၂၈ ရက်တွင် ၁၁၄. ၃၃ ပွိုင့်အနီးတွင်ပင် တန်ဖိုးဆက်လက်မြင့်တက်နေသည်။ ထိုသို့ ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းမြင့်တက်နေသော်လည်း ပြည်တွင်းဒေါ်လာစျေးမှာမူ တစ်ဒေါ်လာ ကျပ် ၃၀၀၀၊ ၃၁၀၀ ခန့်တွင်ပင် ကြိုက်ရောင်းကြိုက်ဝယ်အနေအထားဖြင့် ဆက်လက်ငြိမ်သက်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News