၁၂. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက မြဝတီမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဲဆောက်မြို့ကို ဒီနေ့မှာ လာရောက် လည်ပတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အခုသီတင်းပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ နယ်စပ်မြို့ မြဝတီမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသံတွေ ကျယ်လောင်စွာ ကြားနေရပြီး လူအများအပြားကလည်း ထိုင်းနိုင်ငံအတွင်းကို ပြေးဝင်လာခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဟာဘစ်ဒါ နုကာရာက ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြဝတီမြို့ကို ဆက်သွယ်ပေးထားတဲ့ ချစ်ကြည်ရေး တံတားနှစ်စင်းကိုလည်း သွားရောက်လည်ပတ်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

မြန်မာဘက်ခြမ်းက တံတားတစ်ခုရဲ့ဂိတ်အနီးမှာ စစ်ဘေးရှောင်သူတွေ ခိုလှုံနေကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြာသပတေးနေ့က AFP ကို ပြောကြားခဲ့ပါတယ်။

နယ်ခြားစောင့်တပ်က ထိုင်းစစ်သားတစ်ဦးက ညဘက် သူဂျူတီစောင့်နေချိန်အတွင်း သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကြားခဲ့ရသလို နယ်စပ်တစ်လျှောက် အသံချဲ့စက်တွေနဲ့ ဗုဒ္ဓဘာသာ ဘုရားစာတွေ၊ ဆုတောင်းစာတွေကိုလည်း ကျယ်ကျယ်လောင်လောင် ဖွင့်ထားတာကို ကြားရတယ်လို့ ဒီနေ့မှာ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ထိုင်း- မြန်မာနယ်စပ်က ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ကျော်ဖြတ်လာတဲ့ ကုန်တင်ကား အများအပြား ထိုင်းဘက်ခြမ်းကို ရောက်လာတယ်လို့ AFP သတင်းထောက်တွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းကို ကုန်တင်ယာဉ်တွေ မောင်းနှင်လာတာတွေကိုတော့ မတွေ့ရဘဲ ထိုင်းဘက်ကိုသာ ကုန်တင်ကား အများအပြားရောက်လာတယ်လို့ သတင်းတွေမှာ ဖော်ပြထားသလို ထိုင်းနိုင်ငံက စစ်ဆေးရေးဂိတ်တစ်ခုကို ရောက်ရှိလာတဲ့ ထရပ်ကားမောင်းသူတစ်ဦးက “ပျော်ပါတယ်” လို့ ပြောပြီး “ပြန်မလာနိုင်ဘူးလို့ ထင်ခဲ့တာ” လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့တစ်ရက်တာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် ထပ်မံ ဝင်ရောက်လာနိုင်တဲ့သူတွေအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေကိုလည်း စစ်ဆေးကြည့်ရှုမှာဖြစ်တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မြဝတီမြို့က တိုက်ပွဲတွေကို ရည်ညွှန်းပြီး ထိုင်းနိုင်ငံရဲ့လေကြောင်းပိုင်နက်ထဲကို ဘယ်သူကိုမှ ဝင်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့သလို အခုသီတင်းပတ် အစောပိုင်းမှာလည်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံက စစ်ဘေးရှောင် ဒုက္ခသည် တစ်သိန်းကို လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *