၁၁. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြဝတီမြို့တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများက မြန်မာနိုင်ငံ၏ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံလေကြောင်းပိုင်နက်ကို အသုံးပြုခွင့်ပေးမည် မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆာရက်သာတာဗီဆင်က ဧပြီ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

မြဝတီမြို့တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ထိုင်းစစ်တပ်သည် နယ်စပ်ဒေသလုံခြုံရေးတပ်လှန့်ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက်တွင် F-16 တိုက်လေယာဉ်များစေလွှတ်ကာ ကင်းလှည့်စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က ” မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စသာဖြစ်တယ်။ ထိုင်းစစ်တပ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးညွှန်ကြားထားတယ်။ ထိုင်းလေကြောင်းပိုင်နက်တွေကို အသုံးပြုတာတွေ ခွင့်မပြုဖို့ ညွှန်ကြားထားတယ်။ နေရပ်စွန့်ခွာသူအရေအတွက် ပိုမိုများပြားလာဖွယ်ရှိနေတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်း ပြဿနာတွေက ပိုမိုပျံ့နှံ့တာမျိုး ခွင့်မပြုဘူး “ဟုပြောသည်။

ထို့အပြင် ထိုင်းလေတပ်ဦးစီးချုပ်ကိုလည်း ထိုင်းနိုင်ငံ၏ လေကြောင်းပိုင်နက်အသုံးပြုခြင်းကို ခွင့်မပြုရန်နှင့် F-16 တိုက်လေယာဉ်များ ထိုင်းလေကြောင်းပိုင်နက်ကို စောင့်ရှောက်နိုင်ရန်အတွက် အဆင့်သင့်ပြုလုပ်ထားရန် ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

ထိုအပြင် ထိုင်းဝန်ကြီးချုပ်က “မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲအခြေနေတွေ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာမှာ မလိုလားဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ဂရုစိုက်စောင့်ကြည့်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံဖြစ်နေတဲ့အတွက်ဖြစ်တယ်”ဟု ပြောသည်။

မြန်မာ့တပ်မတော်၏ တိုက်လေယာဉ်များသည် ယခင်တုန်းက ထိုင်းလေကြောင်းပိုင်နက်အတွင်း ဖြတ်သန်းပျံသန်းခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင် ထိုင်းလေကြောင်းပိုင်နက်ကို အသုံးပြုခွင့်မပေးရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်မံပြောဆိုထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား နေရပ်စွန့်ခွာသူ ၁ သိန်းအထိ လက်ခံပေးသွားဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မြန်မာနေရပ်စွန့်ခွာသူများနှင့်ပတ်သက်ပြီး ထပ်မံဆွေးနွေးရန်လိုအပ်နေကြောင်း၊ တိုက်ပွဲအခြေနေတွေက အချိန်မည်မျှကြာမလဲဆိုသော အချက်ကိုအတိအကျ မသိသေးကြောင်း၊ လက်ရှိအချိန်အထိ မြဝတီမြို့၏အခြေနေက ကောင်းမွန်နေဆဲဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်မံပြောဆိုခဲ့သည်။

REF matichon

Leave a Reply

Your email address will not be published. Required fields are marked *