မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တွေ့ရစဥ်

၁၂ – ၁၂ – ၂၀၂၂
Written By Myo Khine

မြန်မာ့ပို့ကုန်များကို တရုတ်နိုင်ငံဘက်သို့ လွယ်ဂျယ်-လားရင်းနယ်စပ်မှ တင်ပို့ရာတွင် ရှန်တိန်စနစ် ရုတ်သိမ်းလိုက်၍ တရုတ်နိုင်ငံအတွင်း တိုက်ရိုက်တင်ပို့ခွင့် ဒီဇင်ဘာ ၁၁ ရက်တွင် ပြန်လည်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကိုဗစ်-၁၉ ဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့်ဖြစ်ပြီး ဖြေလျှော့ဆောင်ရွက်မှုများကြောင့် ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းရှင်များ၏ ရှန်တိန်ကုန်ကျစရိတ်များ သက်သာသွားကြပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ လွယ်ဂျယ်ဂိတ်တာဝန်ရှိသူက MT News သို့ ပြောသည်။

“ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီးတော့ လွယ်ဂျယ်-လားရင်း နယ်စပ်ဂိတ်မှာ တရုတ်ဖက်က နေပြီးတော့ ရှန်တိန်ယာဉ်မောင်းစနစ်ကို ဖြုတ်လိုက်တာပေါ့။ သူတို့ နယ်စပ်ဂိတ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံက ယာဉ်မောင်းက ဝင်သွားမယ်။ နယ်စပ်ဂိတ် သတ်မှတ်တဲ့ နေရာမှာ ရပ်မယ်။ ပြီးတော့ အဲဒီမှာ သူတို့ တရုတ်ယာဉ်မောင်းက လာမောင်းသွားတာပေါ့နော်။ အဲဒီလိုစနစ်မရှိတော့ဘူးဆိုတော့ ကုန်ကျစရိတ်အနေနဲ့ကတော့ ပို့ကုန်လုပ်ငန်းရှင်တွေဘက်က အဲဒီကုန်ကျစရိတ်တစ်ပြားမှ မရှိတော့ဘူးပေါ့နော်။ တရုတ်နိုင်ငံနယ်စပ်ဂိတ်ကို ကားသမားက တိုက်ရိုက်ဝင်လို့ ရသွားပြီဆိုတော့လေ။ ဒါပေမဲ့ Mask တော့ တပ်ရမယ်။ ဆေးလည်းမဖျန်းရတော့ဘူး။ ဆေးလည်း မစစ်တော့ဘူး။ ၂၄ နာရီလည်း မထားရတော့ဘူး။ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီးတော့ မူဝါဒပြောင်းလဲသတ်မှတ်ချက် ဖြေလျှော့လိုက်တာပါ”ဟု ယင်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းခရိုင် ချန်းဖုန်းမြို့နယ် လားရင်းနှင့် ထိစပ်နေသော ကချင်ပြည်နယ် ဗန်းမော်ခရိုင် (မိုးမောက်) လွယ်ဂျယ်မြို့မှတစ်ဆင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်သည့် လွယ်ဂျယ် – လားရင်း နယ်စပ်လမ်းကြောင်းတွင် ကိုဗစ်စစ်ဆေးမှုလုပ်ငန်းများကို ထပ်တိုးလုပ်ဆောင်ခဲ့ရာမှ ယခုကဲ့သို့ ပြန်လည် ဖြေလျှော့ပေးလိုက်ခြင်းလည်း ဖြစ်သည်။

“အရင်က မိုးမောက်-လွယ်ဂျယ် မြို့နယ်အဆင့်မှာ ကိုဗစ်ရောဂါထိန်းချုပ်ရေး ကော်မတီကို ဖွဲ့ထားပြီးတော့ ကော်မတီကနေ လွယ်ဂျယ်ကို ပို့မယ့် ပို့ကုန်ကားကို မိုးမောက်စခန်းမှာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းတွေဘက်ကနေ နှာခေါင်းထိုးတာတွေ ရောဂါပိုးရှိမရှိ စသဖြင့် စစ်ဆေးခဲ့သေးတယ်။ အဲဒါတွေပြီးမှ အကောက်ခွန်က စစ်တာ။ ပို့ကုန်ကြေညာလွှာ စစ်တာတွေကို လုပ်ပြီး ကားတွေကို ရှန်တိန်လုပ်။ ပိုးသတ်ဆေးဖြန်း၊ ၂၄ နာရီထားပြီးမှ မောင်းခွင့်ပြု စတဲ့ လုပ်ငန်းစဥ်တွေကို လုပ်တယ်။ အခုအဲဒါတွေ မလိုတော့ဘူး”ဟု မိုးမောက်-လွယ်ဂျယ် မြို့နယ်အဆင့် ကိုဗစ်ရောဂါထိန်းချုပ်ရေး ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

၂၀၂၀ ပြည့်နှစ်က စတင်ဖြစ်ပွားခဲ့သော ကိုဗစ် ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်များ ပိတ်ထားခဲ့ကြရာ အဆိုပါ လွယ်ဂျယ်ဂိတ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းပြန်လည် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်သျှူး ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာစသည့် ပို့ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး တရုတ်နိုင်ငံဘက်က ဘိလပ်မြေ၊ အထည်အလိပ်၊ လယ်ယာသုံးပစ္စည်း၊ စက်ပစ္စည်းအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး တင်သွင်းကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *