၃.၄.၂၀၂၄
Written By Hey Mar

ရန်ကုန်မြို့က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တချို့ ပြည်တွင်းဧည့်သည်အတွက်ရည်ရွယ်ပြီး သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတချို့ကို ဖော်ဆောင်လာကြပါတယ်။ အရင်က ဝန်ဆောင်ခနှုန်းထားတွေကို ဒေါ်လာနဲ့သတ်မှတ်ပြီးဝန်ဆောင်ခယူရာကနေ အခုအခါ ကျပ်ငွေနဲ့သတ်မှတ်တဲ့ ဝန်ဆောင်မှုတချို့ကို ဈေးနှုန်းထက်ဝက်အထိလျှော့ချပြီးဝန်ဆောင်မှုပေးလာတာမျိုးပါ။

ကမ္ဘာအေးဘုရားလမ်းပေါ်က အခန်းပေါင်းရာဂဏာန်းရှိတဲ့ အင်းလျားလိတ်ဟိုတယ်နဲ့ ဆီဒိုးနားဟိုတယ်တွေမှာ နှစ်သိန်းမပြည့်တဲ့ မြန်မာငွေနဲ့ တည်းခိုနေထိုင်နိုင်ဖို့ အထူးလျှော့ဈေးတွေနဲ့ ကြေညာထားပါတယ်။

စိမ်းစိုသာယာလှတဲ့ ကန်ရေပြင်ဘေး ခြံဝန်းကျယ်ကြီးထဲက သဘာဝအလှတရားတွေကြောင့် နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးလာရောက်တည်းခိုနေထိုင်လေ့ရှိတဲ့ အင်းလျားလိတ်ဟိုတယ်ရဲ့ နွေရာသီ ပရိုမိုးရှင်းတွေက သင်္ကြန်ပိတ်ရုံးပိတ်ရက် ဘူဖေးညစာ သုံးဆောင်ဖို့အတွက် တစ်ဦးကို ၃၅၀၀၀ ကျပ်သာ ကျသင့်မယ့် 𝐈𝐧𝐲𝐚 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐁𝐮𝐟𝐟𝐞𝐭 𝐃𝐢𝐧𝐧𝐞𝐫 ၊ Weekday မှာ ၅၅,၀၀၀ ကျပ်တည်းနဲ့ အင်းယားလိတ်ဟိုတယ်ရဲ့ High Tea စားရင်း FREE ရေကူးအပန်းဖြေလို့ရတဲ့အစီအစဉ် နဲ့ သင်္ကြန်ပိတ်ရက် ဧပြီ (၁၇) ရက်နေ့ကနေ (၂၁)ရက်နေ့အတွင်း Staycation ဖို့အတွက် Flash Sale နဲ့ကြိုဝယ်ထားမယ်ဆိုရင် လူနှစ်ဦးစာ မနက်စာအပါအဝင်ကို တစ်ညကို ၈၄,၀၀၀ ကျပ်ပဲ ကျသင့်မယ့် ဝန်ဆောင်မှုတွေကို ကြေညာထားပါတယ်။

အလားတူပဲ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆီဒိုးနားဟိုတယ်မှာလည်း နွေရာသီအားလပ်ရက်တွေအတွက် ရေကူးအပန်းဖြေအနားယူနိုင်ဖို့ မနက်စာဘူဖေး အပါအဝင် အခန်းခနှုန်းထား ၅၀ ရာခိုင်နှုန်း လျှော့ဈေး တစ်ညအတွက် မြန်မာကျပ်ငွေနဲ့ ၁၇၇၆၀၀ ကျပ်သာကျသင့်မယ့် အထူးလျှော့ဈေးဝန်ဆောင်မှုတွေပေးနေပြီး အဲဒီဝန်ဆောင်မှုက သင်္ကြန်တွင်းရုံးပိတ်ရက်တွေတော့ မပါဘူးလို့လည်း သိရပါတယ်။

ပြည်တွင်းဟိုတယ်ကြီးတချို့ အခုလို အထူးလျှော့ဈေးနှုန်းထားတွေနဲ့ ဈေးနှုန်းပြောင်းလဲဝန်ဆောင်မှုပေးတာတွေရဲ့နောက်ကွယ်မှာတော့ အခုအချိန်ဟာ ခရီးသွားရာသီဖြစ်ပေမယ့် ပြည်ပဧည့်သည်ဝင်ရောက်မှုနည်းနေတာ ပြည်တွင်းခရီးသွားတွေအနေနဲ့ City Hotel တွေနဲ့ Motel တွေမှာသာ တည်းခိုကြပြီး အဆင့်မြင့် 5 Star Hotel ကြီးတွေမှာ ဧည့်ဝင်ရောင်မှုနည်းတာတွေ၊ လျှပ်စစ်မီးမမှန်တာတွေ၊ ကုန်ဈေးနှုန်း စက်သုံးဆီဈေးနဲ့ ဝန်ထမ်းအသုံးစရိတ်တွေကြောင့် ကာမိအောင်လုပ်ဆောင်ကြတာလို့ ပြည်တွင်းဟိုတယ်လုပ်ငန်းရှင် ဦးအောင်ထွန်းက မှတ်ချက်ပြုပါတယ်။

“အဓိက က မီးပေါ့။ မီးက တအားပျက်တော့ ဟိုတယ်တစ်လုံးကို တစ်လ တစ်လ မီးစက်ဆီဖိုးက သိန်း ၅၀ သိန်း ၆၀ လောက်ကုန်တယ်။ မီတာခကလည်း သိန်း ၃၀ လောက်ကုန်တယ်။ ဒါအခန်း လေး ငါးဆယ်ပဲရှိတဲ့ ဟိုတယ်တွေမှာ​နော်။ ရာချီရင် သည့်ထက်ပိုကုန်မယ်။ အခန်းပေါင်းရာကျော်ရှိတဲ့ ဟိုတယ်ကြီးတွေကြတော့ နိုင်ငံခြားသားအဓိက ဆွဲဆောင်ကြတဲ့အခါ ဥယျာဉ်မှူးတွေ ထားရတာ၊ နောက်ပြီး အခန်းရှိရင် ရှိသလောက်၊ ဝန်ထမ်းအရေအတွက်က ထားရတာဆိုတော့၊ သောကြာ၊ စနေ၊ တနင်္ဂနွေလောက်ပဲ လူဝင်ပြီး ကျန်တဲ့ရက် လူမဝင်တော့ ဝန်ထမ်းအင်အားက ပိုနေပြန်ရော။ လူမဝင်ရင် Cover မဖြစ်တော့ အလုပ်ဖြစ်အောင်စီမံခန့်ခွဲရတာပဲ။ အလုပ်ဖြစ်ဖို့ အဓိက လုပ်ဆောင်လာကြရတာပဲ”လို့ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌလည်းဖြစ်တဲ့
ဟိုတယ်လုပ်ငန်းရှင် ဦးအောင်ထွန်းက MT News ကို ပြောပါတယ်။

အရင်ကဆိုရင် အခုလိုပွဲတော်ရာသီကာလ ပြည်ပခရီးသွားဧည့်သည်လည်းများပြားပြီး ပြည်တွင်းငွေကြေးဈေးကွက်လည်း ငွေလဲနှုန်းတည်ငြိမ်တဲ့အတွက် 5 Star ဟိုတယ်တွေရဲ့ ဝန်ဆောင်မှုက အနိမ့်ဆုံး ဒေါ်လာ၂၀၀ ကနေ စတင်ကာ အမြင့်ဆုံး ဒေါ်လာ ၂၀၀၀ အထိ နှုန်းထားတွေရှိခဲ့တာပါ။ အခုအခါမှာတော့ ဒေါ်လာ တစ်ရာ မပြည့်တဲ့ ဝန်ဆောင်မှုတွေနဲ့ နိုင်ငံခြားသားဧည့်သည်ထက် ပြည်တွင်းဧည့်သည်ကိုဦးတည်ဝန်ဆောင်မှုပေးတဲ့ အနေအထားဖြစ်လာတာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *