၁. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာပူရီပြည်နယ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သယ်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ကုန်တင်ကား တိမ်းမှောက်မှုဟာ ဆန်ခလာဘူရီခရိုင် အဝေးပြေးလမ်းအမှတ် ၃၂၃ မှာ မနေ့ည သန်းခေါင်ကျော် အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းနှင်သူဟာ တောင်ကုန်းပေါ်ကနေ ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာကာ အကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ကာ ယာဉ်မောင်းကတော့ အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိမ်းမှောက်ခဲ့တဲ့ ကုန်တင်ယာဉ်ပေါ်မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သား ခရီးသည် ၂၉ ဦး လိုက်ပါလာခြင်းဖြစ်ပြီး ခရီးသည်တွေထဲက ၁၄ ဦး ဒဏ်ရာရှိခဲ့ကာ ၅ ဦးက ဒဏ်ရာ ပြင်းထန်တဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းမှုတွေအရ သူတို့ဟာ မနေ့က မတ် ၃၁ ရက်မှာ ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကာ ထိုင်းနိုင်ငံတွင်းကို သူတို့ကို တင်ဆောင်ပြီး ထွက်ခွာလာတဲ့ ကုန်တင်ကားတိမ်းမှောက်မှုကြောင့် ဖမ်းမိခဲ့တာဖြစ်ပြီး ယာဉ်ရဲ့ဦးတည်ရာ အတိအကျကိုတော့ ထုတ်ဖော်ပြောကြားထားတာ မရှိပါဘူး။

ထိုင်းရဲတပ်ဖွဲ့ကတော့ အဆိုပါ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေအားလုံးကို မြန်မာနိုင်ငံကို ပြန်ပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းမငြိမ်မသက်မှုတွေကြောင့် ထိုင်းနိုင်ငံအတွင်းကို အလုပ်အကိုင်ရှာဖွေမဲ့ မြန်မာအလုပ်သမားတွေ ဝင်ရောက်လာနိုင်တယ်လို့ ထိုင်းနယ်စပ်လုံခြုံရေး အာဏာပိုင်တွေက သတိပေးမှုတွေ မြင့်တက်လာချိန်မှာပဲ အခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *

Related News