၃၀. ၃. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ်၊ သန်လန်ခရိုင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာမှာ တရားမဝင် မြန်မာ အလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖူးခက်ခရိုင် အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေက မတ် ၂၇ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီကနေ နေ့လယ်ခင်းအထိ ဒေသတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင် လေးခုကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း စုစုပေါင်း ၁၅၄ ခုကို ပြန်လည်စိစစ်ခဲ့ပြီး တရားမဝင် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း နေထိုင်နေသူ တစ်ဦးနဲ့ နောက်တစ်ဦးက လိုအပ်တဲ့ ခွင့်ပြုမိန့်မရှိဘဲ အလုပ် လုပ်ကိုင်နေသူ တစ်ဦးတို့ ပါဝင်ပြီး အလုပ်ရှင်တစ်ဦးလည်း တရားဝင်အလုပ်ပါမစ်မရှိဘဲ အလုပ်သမားတစ်ဦးကို ငှားရမ်းခြင်းအတွက် စွဲချက်တင်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအကြောင်း အသေးစိတ်ကိုတော့ သက်ဆိုင်ရာ သန်လန်ခရိုင်က တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

Ref; Phuket Express

Leave a Reply

Your email address will not be published. Required fields are marked *

Related News