၂၁.၃.၂၀၂၄
Written by Thin Zar

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ မန္တလေး -မြစ်ကြီးနားမီးရထားလမ်း၊ နန်းမားဘူတာတွင်(၃)နှစ်ကျော်ကြာရပ်ထားသည့် အထူးအမြန်ရထား( ၃) တွဲမှာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် မီးရထားတိုင်းအမှတ် (၁) နန်းမားဘူတာတွင် (၃) နှစ်ကျော်ကြာ ရပ်ထားသည့် အထူးအမြန်ရထားတွဲ (၃) တွဲမှာ မီးလောင်ပျက်စီးသောကြောင့် ဖြစ်စဥ်နေရာသို့ မီးသတ်တပ်ဖွဲ့နှင့် ထိုအနီးအနားရှိ ပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရသည်။

“ရပ်ထားတာနှစ်တွေတောင်ချီနေပြီ။ မောင်းတဲ့သူတွေက CDM တွေလုပ်သွားကြတာနဲ့တူတယ်။ အဲ့ရထားပေါ်မှာ ဆေး သမားတွေ နေတယ်။ သူတို့ကနေတစ်ဆင့် မီးတွေများ ရှို့တာလားတော့မသိဘူး။ ဒီရထားလမ်းက မိုးညှင်းက နန်းမားရဲ့ အထက် မြစ်ကြီးနားလမ်းဘက်မှာ။ ကြားမှာ ဘူတာတွေအများကြီးရှိပါသေးတယ်။ ကသာကိုသွားရင် ​နန်းမားဘူတာကနေ မြစ်ကြီးနားဘက်ဆက်မသွားဘဲ ကသာဘက်ခွဲထွက်သွားပါတယ်။ အဲ့ဒီကနေ ဗန်းမော်ဘက်လည်းဆက်သွားချင်ရင် ရေ လမ်းကနေလည်း သွားလို့လည်းရပါတယ်” ဟု မီးလောင်မှုဖြစ်စဥ် သိရှိသူတစ်ဦးက MT News သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန်းမားဘူတာအဝင်တွင် ထော်လာဂျီမှ ရထားလမ်းကို ဖြတ်မောင်းရာ ထိုအချိန်တွင် မြစ်ကြီးနားမှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် အမှတ် ( ၂) အစုန်ရထားနှင့် ချိတ်မိ၍ ၂ ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်များလည်းရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *