ငွေလဲကောင်တာများကို ဗဟိုဘဏ်က ရှောင်တခင် ဝင်ရာက်စစ်ဆေးနေပြီး အရေးယူထားသည့် Money Changer ၁၂ ခုအထိ ရှိလာ

၁၉. ၃. ၂၀၂၄
Written by Ye Kyaw

နိုင်ငံခြားငွေဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေများကို ထုတ်ရောင်းပေးနေသည့်အပြင် ငွေလဲကောင်တာများကိုပါ ဝင်ရောက်စစ်ဆေး အရေးယူမှုများ ဆောင်ရွက်နေသော်လည်း ဒေါ်လာဈေး ကျဆင်းမှုမရှိဘဲ ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၇၀၀ အထိ မြင့်တက်လာခဲ့ကြောင်း နိုင်ငံခြားငွေဈေးကွက်မှ သိရသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေဈေးကွက်သို့ ဇန်နဝါရီ ၁ ရက်မှစ၍ မတ်လ ၄ ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ ၁၅ ကြိမ်ထုတ်ရောင်းပေးထားပြီး အဆိုပါ ၁၅ ကြိမ်အတွင်း ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားသလို ဇန်နဝါရီ ၁၉ ရက်မှစ၍ မတ်လ ၄ ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သန်း ၁၃၀၀ ထုတ်ရောင်းပေးထားသည်။

ထို့ပြင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် ဖေဖော်ဝါရီ ၂ ရက်မှ မတ်လ ၁၅ ရက်အထိ တစ်လခွဲကျော်တွင် နိုင်ငံခြားငွေ လေးကြိမ်ရောင်းချပေးခဲ့မှု ဒေါ်လာ ၁၀ သန်း၊ တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၂၂ သန်း ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ အလားတူ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားသည်။

ထို့အတူ နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေများ ထုတ်ရောင်းပေးခြင်းအပြင် Money Changer များကိုပါ ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer များအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ခြင်းနှင့် အပြီးရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။

ငွေလဲကောင်တာများကို ရှောင်တခင် စတင်ဝင်ရောက်စစ်ဆေးခဲ့သည့် မတ်လ ၆ ရက်မှစ၍ လက်ရှိအချိန်အထိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာခြင်းမရှိသည့် Money Changer ငါးခုအား လိုင်စင် ရုပ်သိမ်းခြင်း၊ Money Changer ငါးခုအား လိုင်စင်သုံးလဆိုင်းငံ့ခြင်းနှင့် Money Changer နှစ်ခုအား လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့်စုစုပေါင်း Money Changer လိုင်စင် ၁၂ ခုအား အရေးယူဆောင်ရွက်ထားပြီးဖြစ်သည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့၊ ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချနေခြင်းဖြစ်သည်။

သို့သော်လည်း ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်လာဆက်တိုက် ထုတ်ရောင်းပေးမှုကြောင့် တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်ကျဆင်းခဲ့သည့် ဒေါ်လာဈေး ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ ပြန်လည်မြင့်တက်လာ၍ ဗဟိုဘဏ်က ဒေါ်လာ ထပ်မံထုတ်ရောင်းချပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ဒေါ်လာ ၃၆၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၇၀၀ ကျပ်အထိ ဆက်လက် မြင့်တက်လာနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News