၁၈. ၃. ၂၀၂၄
Written by Phyo Wei

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) သတ်မှတ်ရွှေဈေးနှုန်းက မတ်လ ၁၆ ရက်မှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၉၄,၅၀၀ ဖြစ်ပေမဲ့လည်း ပြင်ပရွှေဈေးကွက်မှာ ကျပ် ၄,၁၆၀,၀၀၀ အထိ ဈေးနှုန်းဖွင့်လှစ်ထားပြီး ကျပ် ၃၆၅၅၀၀ ပိုမို စျေးဆွဲတင်ထားသလို ရွှေဆိုင်တွေက အရောင်းပဲလုပ်ပြီး အဝယ်ရပ်ထားတာ၊ ရွှေစျေးနှုန်းအဆမတန်ဆွဲတင်တာကြောင့် သတ်မှတ်ရွှေစျေးနှုန်းအောက် အရောင်းအဝယ်မလုပ်နိုင်ရင် ရွှေအရောင်းအဝယ်ရပ်ထားဖို့ ထုတ်ပြန်လာတဲ့ ဒီတစ်ပတ်မှာပဲ ဗဟိုဘဏ်ကလည်း ကောလာဟလတွေ သုံးပြီး ငွေလဲလှယ်နှုန်း ဆွဲတင်နေတဲ့ လူမှုကွန်ရက်စာမျက်နှာ၊ လူမှုကွန်ရက် Group ၊ APP ၊ Website စုစုပေါင်း ၁၅ ခုကို အရေးယူမယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရာမှာ အခွန်သက်သာခွင့် ရရှိနေပေမဲ့ မြဝတီနယ်စပ်လမ်းကြောင်း ပိတ်နေလို့ ပြောင်းစိုက်တောင်သူတွေ အကျိုးအမြတ်နည်းနေတဲ့အပြင် တိုက်ပွဲတွေကြောင့် ပြည်တွင်းသီးနှံစိုက်ပျိုးသူအများစု ပြည်ပတင်ပို့နိုင်မှုမရှိဘဲ နစ်နာဆုံးရှုံးနေရမှုတွေ၊ ငွေလဲကောင်တာတွေကို ဗဟိုဘဏ်က ရှောင်တခင်ဝင်စစ်ပြီး စည်းမျဉ်းစည်းကမ်းမလိုက်နာတဲ့လုပ်ငန်းငါးခုကို ပိတ်သိမ်းလိုက်တဲ့ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ နိုင်ငံရေးမတည်ငြိမ်မှုအောက်မှာ မြန်မာနိုင်ငံက ဘိန်းစိုက်တောင်သူများလာတာ၊ AA ရဲ့ မူးယစ်ဆေးဖြန့်ချိမှုကို ကမ္ဘာသိအောင် လုပ်ဆောင်မယ်လို့ ပြောလာတာနဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် သွားလာမှုနည်းလာတဲ့ သင်္ကြန်ပြည်တွင်းခရီးသွားအကြောင်းတွေကို ပြောပြချင်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုအောက် ဘိန်းစိုက်တောင်သူများလာတဲ့ မြန်မာ

တာလီဘန်အစိုးရရဲ့ တားမြစ်ချက်ကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကမ္ဘာ့ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သူ ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂ (UN) က ဆိုပြီး ၂၀၂၃ ခုနှစ်တုန်းက ဘိန်း မက်ထရစ်တန်ချိန် ၁၀၈၀ ခန့် ထုတ်လုပ်ခဲ့တယ်လို့လည်း မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာ ကမ္ဘာ့လုံးဆိုင်ရာရုံးက ထုတ်ပြန်ချက်အရ သိရသလို ဒီလိုမျိုး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကိုတော့ ရှမ်းပြည်နယ်ဘက်မှာ အများဆုံးစိုက်ပြီး အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေကနေ ကမ္ဘာကို ဖြန့်ဖြူးတာပါ။

နိုင်ငံရေးအကျပ်အတည်းကြောင့် တစ်နိုင်ငံလုံးလိုလို တိုက်ပွဲတွေဖြစ်၊ ဆက်ကြေးတွေကို လက်နက်ကိုင်တိုင်းက အဆမတန်တောင်းလာချိန်မှာ သာမန်သီးနှံစိုက်ပြည်သူတွေကလည်း ငွေရလွယ်ပြီး လက်နက်ကိုင်တွေဆီ အကြီးအကျယ်ရောင်းချလို့ရတဲ့ ဘိန်းစိုက်တာနဲ့ မူးယစ်ဆေးထုတ်လုပ်တာပဲ ဦးတည်လုပ်တော့တာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တိုက်ပွဲတွေကို ကမ္ဘာ့အကြီးဆုံးနိုင်ငံကြီး နှစ်ခုလောက်နဲ့ သူတို့ထောက်ခံတဲ့နိုင်ငံတွေက မြေတောင်မြှောက်ပေးနေတာပါ။ ဒါပေမဲ့လည်း ဒီလိုမြှောက်ပေးခံရတဲ့ လက်နက်ကိုင်တွေကို ငွေကြေးလုံလောက်အောင် မထောက်ပံ့နိုင်တာကြောင့်လည်း တရုတ်နဲ့ ထိုင်းနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်က လက်နက်ကိုင်တွေအဖို့ တိုက်ပွဲတွေဆင်နွှဲနိုင်အောင် မူးယစ်ဆေး အားပြုထုတ်ကြတာဖြစ်ပြီး ဒီလိုထုတ်တဲ့ မူးယစ်ဆေးတွေကိုလည်း အိမ်နီးချင်းငါးနိုင်ငံကနေပဲ ကမ္ဘာကို ဖြန့်နေတာပါ။ အမေရိကန်အပါအဝင် ကမ္ဘာကြီးအတွက်တော့ သူတို့တစ်ချိန်တုန်းက မူးယစ်ရာဇာလို့ သတ်မှတ်ခဲ့တဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေကို မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူရဲကောင်းဟန် ဖန်တီးခဲ့သမျှ ဒီလက်နက်ကိုင်တွေ ထိန်းချုပ်ရာဒေသတွေမှာ ဘိန်းတွေပိုစိုက်၊ မူးယစ်ဆေးတွေ ပိုထုတ်လာတယ်ဆိုတာ သိရချိန်မှာ ဆုပ်လည်းစူး၊ စားလည်းရူးဖြစ်ကြပုံပါပဲ။

ကမ္ဘာသိအောင် လုပ်ဆောင်တော့မဲ့ AA ရဲ့ မူးယစ်ဆေးဖြန့်ချိမှု

ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ရခိုင်ပြည်နယ်အရေးအတွက် အစီရင်ခံစာလုပ်ဆောင်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ အာနန်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာမှာကို AA နဲ့ ARSA လက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဖြန့်ချိမှုတွေ ပါခဲ့သလို လက်ရှိကာလမှာလည်း AA နဲ့ ARSA က ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေကို လူကုန်ကူးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ကမ္ဘာသိရေးသားနေတာပါ။ ဒါပေမဲ့လည်း ဒီလိုမျိုး မူးယစ်ရာဇာလုပ်၊ လူကုန်ကူးနေတဲ့သူတွေက နိုင်ငံရေးအကျပ်အတည်းမှာ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ လက်နက်ကိုင်အဖြစ် အသွင်ပြောင်းပေးခံထားရတော့ သူတောင်ကောင်းလိုလိုဖြစ်နေပေမဲ့လည်း သမိုင်းထဲမှာတော့ AA က မူးယစ်ဆေးဖြန့်ချိသူလို့ ကမ္ဘာသိမှတ်ကျောက်တင်ခံထားရသလို မြန်မာအစိုးရကိုယ်တိုင်ကလည်း AA ရဲ့ မူးယစ်ဆေးဖြန့်ချိမှုတွေကို ကမ္ဘာသိအောင် လုပ်ဆောင်မယ်လို့ ပြောလာတာ တွေ့ရပါတယ်။

လက်ရှိအစိုးရ တာဝန်ယူခဲ့တဲ့ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဖမ်းမိမှု‌တွေအဖြစ် ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း ဖမ်းဆီးရမိမှု အမှုပေါင်း ၂၁,၀၉၈ မှု၊ တန်ဖိုးငွေကျပ် ၃,၃၅၄ ဘီလျံကျော်နဲ့ ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၂၉,၄၀၀ ကျော်ရှိခဲ့သလို AA လက်နက်ကိုင်အဖွဲ့က အဖွဲဝင်တွေရဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှုကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကနေ ဒီဇင်ဘာ ၉ ရက်အထိ သတင်းဆက်စပ် ဖော်ထုတ်ဖမ်းဆီးမှုတွေအရ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလျံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနဲ့အတူ AA သောင်းကျန်းသူတွေ ပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ဒါ့အပြင် AA လက်နက်ကိုင်အဖွဲ့ဖြစ်တည်ချိန်ကနေ ဒီကာလအထိလည်း AA လက်နက်ကိုင်အဖွဲ့ရဲ့ မူးယစ်ဆေးဖြန့်ချိမှု ၈ ကြိမ်တိတိကို ဖမ်းမိထားပါသေးတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိသလို လိုအပ်ချိန်မှာ AA မူးယစ်ဆေးဖြန့်ချိမှုကို ခဏမေ့ထားပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အဖွဲ့အဖြစ် ပုံဖော်နေတဲ့ ကမ္ဘာကြီးက ဒီလိုမျိုး မူးယစ်ရာဇာကို ဘယ်လောက်အထိ သူကောင်းပြုမလဲဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

ပဋိပက္ခတွေကြောင့် သွားလာမှုနည်းလာတဲ့ သင်္ကြန်ပြည်တွင်းခရီးသွား

နိုင်ငံရေးတည်ငြိမ်ခဲ့ချိန် အရင်နှစ်တွေတုန်းကဆိုရင် အခုလိုမျိုး တက္ကသိုလ်ဝင်တန်းအပြီးနဲ့ မဟာသင်္ကြန် ကာလတွေဟာ ပြည်တွင်းခရီးသွားတွေ ပျားပန်းခပ်တဲ့ကာလပါ။ ဒီလိုမျိုးကာလမှာ ပိတ်ရက်လောက်ပဲ နှစ်ညအိပ် သုံးရက်ခရီးကို နှစ်သိန်းသုံးသိန်းနဲ့ စီစဉ်ပေမဲ့လည်း မဟာသင်္ကြန်ကာလတွေဆိုရင် ပိတ်ရက်တွေမှာ ခရီးစဉ်ရက်အလိုက် လေးငါးသိန်းအထိ ခရီးစဉ်တွေကို ပြည်သူတွေက သွားလာကြတာပါ။ အခုတော့ တစ်နိုင်ငံလုံးက လမ်းတိုင်းလိုလိုမှာ မြေမြှုပ်မိုင်းတွေ၊ ပဒေသာမိုင်းတွေကို PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေက မြှုပ်ထားကြလို့ ဘုရားတ ခရီးသွားနေရပြီဖြစ်သလို ဖွံ့ဖြိုးစ သဘာ၀အခြေခံခရီးသွားဒေသတွေကလည်း ပျက်တဲ့ရွာကပျက်၊ အကောင်းမကျန်တဲ့ မြို့က အကောင်းမကျန်နဲ့ တစ်နိုင်ငံလုံးနီးပါး စုတ်ပြတ်သတ်ပြီး ဘေးကင်းစွာ ခရီးသွားနိုင်တဲ့ ဒေသ လက်ချိုးရေလို့ရနေချိန်မှာတော့ ပြည်တွင်းခရီးသွားထက် ပြန်လည်ဖွံ့ဖြိုးလာတဲ့ ပြည်ပခရီးသွားဖို့ကိုပဲ အားစိုက်ကုန်ကြပါတော့တယ်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာ သဘာ၀အခြေခံခရီးသွားလုပ်ငန်းတွေ၊ နာမည်ကျော်ကမ်းခြေ၊ ဘုရားစေတီရှိရာအရပ်တွေဟာ ခရီးသွားကို မှီတည်ပြီး ဒေသခံပြည်သူတွေက ရပ်တည်ကြတာပါ။ အခုတော့ နိုင်ငံရေးအကျပ်အတည်းကို လက်နက်နဲ့ မြေမြှုပ်မိုင်းနဲ့ ဖြေရှင်းကြတဲ့နောက်မှာတော့ ဒီတိုက်ပွဲတွေ ငြိမ်သွား၊ ပြီးဆုံးသွားရင်တောင် မြေမြှုပ်မိုင်းမရှင်းနိုင်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းက တိုးတက်လာဖို့ လမ်းမမြင်တော့တဲ့အခြေအနေဖြစ်လာနေတာပါ။ မြို့တွေ၊ ရွာတွေပျက်၊ လမ်းတွေနဲ့ စိုက်ပျိုးမြေတွေက မိုင်းကျင်းတွေဖြစ်၊ ခရီးသွားက မလာဆိုတဲ့အခြေအနေမျိုးမှာ ကျေးလက်နေမြန်မာပြည်သူ ၇၀ ရာခိုင်နှုန်းလောက်ဟာ ဒီကာလကြီးပြီးဆုံးသွားလည်း လှုပ်လေမြှုပ်လေအခြေအနေကို ရင်ဆိုင်ရဦးမှာဖြစ်သလို ကိုယ်စိုက်ပျိုးသမျှ ပြန်ရိတ်သိမ်းနေရတဲ့ အခြေအနေကို ငြိမ်းချမ်းနေတဲ့ ဒေသတွေ၊ ခရီးသွားအလာများလို့ အဆင်ပြေနေတဲ့ဒေသတွေက သင်ယူရမှာ။ ဒီလိုမျိုးသင်ယူပြီး ကိုယ့်ဒေသမှာ စစ်မီးမမွှေးဖို့၊ အကြမ်းဖက်သမား မကြိုဆိုတဲ့ အသိဉာဏ်ရှိဖို့လုပ်မှ စစ်ကိုဖိတ်ခေါ်တဲ့သူတွေ အဆင်မပြေချိန်မှာ ကိုယ်ဒေသက တိုးတက်မြင့်မားတာ မြင်ရမှာပါ။ စစ်ကိုဖိတ်ခေါ်လို့ ခရီးသွားလုပ်ငန်းတွေသာမက အသက်တွေ၊ ဘဝတွေ၊ အိုးအိမ်တွေ၊ မြို့တွေရွာတွေပျက်နေတာမြင်လျက်သားနဲ့ သင်ခန်းစာကြီးကြီးမားမားမယူနိုင်ဘဲ စစ်မီးပဲ မွှေးချင်ပါတယ်ဆိုရင်တော့ စစ်မြေပြင်မှာ ဘယ်အရာမှ ရှင်သန်ကြီးထွားခြင်းမရှိဘဲ ပျက်စီးခြင်းပဲ ရှိတယ်လို့ သတိပေးရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *