၁၆. ၃. ၂၀၂၄
Written by Pan Ei

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် ပေးအပ်ထားတဲ့ ကားတစ်စီးကို လူသိရှင်ကြား စီးနင်းခဲ့ပြီး နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာနေတာကို ရှင်းရှင်းလင်းလင်း သက်သေပြခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

ပြုံးယမ်းနဲ့ မော်စကိုဟာ စက်တင်ဘာလက ရုရှားမှာ ကင်ဂျုံအန်းနဲ့ ပူတင်တို့ တွေ့ဆုံခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမယ်လို့ ကတိပြုခဲ့ကြပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ အမြောက်ကျည်တွေနဲ့ ဒုံးကျည်တွေ ရုရှားကို မြောက်ကိုရီးယားက ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲမှုတွေကိုတော့ မြောက်ကိုရီးယားက ငြင်းဆိုထားပါတယ်။

ရုရှားနိုင်ငံထုတ် Aurus ဇိမ်ခံကားနဲ့ သောကြာနေ့က ကင်ဂျုံအန်း စီးနင်းလိုက်ပါလာမှုဟာ မြင့်မားတဲ့စင်မြင့်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာနေတဲ့ မြောက်ကိုရီးယား-ရုရှား ချစ်ကြည်ရင်းနှီးမှုကို ထင်ရှားစွာ သက်သေပြလိုက်ခြင်းဖြစ်တယ်လို့ ခေါင်းဆောင်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်တို့ပူးပေါင်းပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုပြီးနောက် မြောက်ကိုရီးယားမှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုကို ခေါင်းဆောင် ကင်ဂျုံအန်းက ကြီးကြပ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ကိုရီးယားကြားခံ စစ်ရေးသဘောတူစာချုပ်တစ်ခုကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြုံးယမ်းက ဖျက်သိမ်းလိုက်ပြီးနောက် တောင်ကိုရီးယား-အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာလည်း ဒါက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ကင်ဂျုံအန်းဟာ သောကြာနေ့က ဖန်လုံအိမ်ခြံဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သလို သမီးဖြစ်သူ ဂျူအဲနဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်နေတဲ့ ဓာတ်ပုံတွေကိုပါ KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News