၁၆. ၃. ၂၀၂၄
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်သင်ဆရာဝန်များက အစိုးရ၏နှစ်စဉ်ဆေးကျောင်းများသို့ ဝင်ခွင့် လျှောက်ထားမှုကို လာမည့်နှစ်မှစ၍ တိုးမြှင့်ခေါ်ယူမည့်အစီအစဉ်အားကန့်ကွက်ဆန္ဒပြနေမှု၌ အလုပ်သင်ဆရာဝန်များဘက်မှ ရပ်တည်ထောက်ခံကာ အစိုးရအား ဖိအားပေးသွားရန်အတွက် နိုင်ငံတစ်ဝန်းရှိ ဆေးဘက်ဆိုင်ရာပါမောက္ခများက မတ်လ ၂၅ ရက်မှစ၍ ရာထူးမှနုတ်ထွက်လွှာများ တင်သွင်းသွားမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဆေးဘက်ဆိုင်ရာပါမောက္ခများအုပ်စုက မတ်လ ၁၆ ရက်တွင် ပြောကြားခဲ့ သည်။

တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံရှိ အလုပ်သင်ဆရာဝန် ၁၃,၀၀ဝ ခန့်အနက် ၉၀ ရာခိုင်နှုန်းကျော်က ဖေဖော်ဝါရီလအတွင်း အစိုးရကဆုံးဖြတ်ခဲ့သော နှစ်စဉ်ဆေးကျောင်းဝင်ခွင့်လျှောက်ထားမှု အရေအတွက်ကို တိုးမြှင့်သွားမည်ဆိုခြင်းအပေါ် ဆန္ဒပြနေကြသောကြောင့် ဆေးရုံများတွင် လူနာများအား ဆေးကုသမှု၌ အခက်အခဲများဖြစ်နေရသည်။ ထို့ကြောင့် ပါမောက္ခများက ၎င်းတို့အနေနှင့် ထိုသို့နုတ်ထွက်လွှာများ တင်သွင်းကြသော်လည်း လူနာများကိုမူ ဆေးရုံများတွင် ဆက်လက်ကုသပေးမည်ဟု ပြောခဲ့ကြသည်။

မတ်လ ၁၅ ရက် ညပိုင်းတွင် တက္ကသိုလ် ၂၀ ခုမှ ဆေးဘက်ဆိုင်ရာပါမောက္ခများ အွန်လိုင်းတွေ့ဆုံဆွေးနွေးကြရာမှ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဟု ၎င်းတို့အုပ်စုက ပြောခဲ့သည်။

ဆေးဘက်ဆိုင်ရာပါမောက္ခများက အလုပ်သင်ဆရာဝန်တို့၏ဆန္ဒပြမှုတွင် အစိုးရကို ပြဿနာကိုဖြေရှင်း ကျော်လွှားနိုင်ရန် တစ်စုံတစ်ရာဖြေရှင်းမှုမရှိပါက ၎င်းတို့လည်း ရာထူးမှနုတ်ထွက်မည်ဟု ယခုရက်သတ္တပတ်အစောပိုင်းကစ၍ ပြောလာခဲ့ကြသည်။ ရာထူးမှ နုတ်ထွက်စာများမတင်သွင်းမီ ၎င်းတို့အုပ်စုအနေဖြင့် အခြေအနေတိုးတက်မှုများကို မတ်လ ၂၂ ရက်တွင် စစ်ဆေးဆွေးနွေးရန်စီစဉ်ထားကြောင်းလည်း ပြောခဲ့ကြသည်။

အလုပ်သင်ဆရာဝန်တို့က အစိုးရ၏ လုပ်ငန်းခွင်များသို့ပြန်လာရန်အမိန့်ကို မနာခံဘဲ ဆက်လက်ဆန္ဒပြနေကြခြင်းကြောင့် အစိုးရက ဆန္ဒပြအလုပ်သင်ဆရာဝန် ၅,၀၀၀ ခန့်အား ဆေးကုသခွင့်လိုင်စင်များ ရပ်ဆိုင်းမည်ဟု ကြိုတင်သတိပေးချက်များ ပို့ခဲ့သည်။ အလုပ်သင်ဆရာဝန်တို့အနေဖြင့် ၎င်းတို့၏ဆေးကုသခွင့်လိုင်စင်များရပ်ဆိုင်းမှုအပေါ် သဘောထားများကို မတ်လ ၂၅ ရက် နောက်ဆုံးထား၍ တင်သွင်းရန် လိုအပ်ကြောင်းလည်း အစိုးရကသတ်မှတ်ထားသည်။

အစိုးရက နိုင်ငံ၏ကျေးလက်ဒေသများတွင် ဆရာဝန်များပြတ်လပ်နေမှုကို ပံ့ပိုးရန်နှင့် လူသိနည်းသော ဆေးပညာနယ်ပယ်များတွင် လိုအပ်မှုကိုလည်းဖြည့်တင်းပေးရန် ဤသို့ဆေးကျောင်းများသို့ နှစ်စဉ် ဝင်ခွင့်ခေါ်ယူမှုကို တိုးမြှင့်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဟု ပြောခဲ့သည်။ သို့သော် ဆေးပညာနယ်ပယ်ကလည်း နောက်နှစ်မှစ၍ ဆေးကျောင်းသား ၂,၀၀၀ ခန်ု့တိုး၍ခေါ်ယူမည်ဆိုခြင်းကို ဆန္ဒပြနေကြသည်။

အလုပ်သင်ဆရာဝန်များကလည်း ထိုသို့ဆေးကျောင်းများတွင် နှစ်စဉ်တိုးမြှင့်ခေါ်ယူခြင်းက ဆေးဘက်ဆိုင်ရာပညာရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ၏အရည်အသွေးကို ပျက်ပြားစေကာ လူနာများအဖို့ ဆေးကုသမှုဆိုင်ရာစရိတ်များ တိုးလာနိုင်ကြောင်းလည်း ပြောခဲ့ကြသည်။ ထို့ပြင် ၎င်းတို့က အထူးကုများအား လစာငွေနည်းပါးမှုကိုပြုပြင်ရန်နှင့် လွန်ကဲသောဆေးဘက်ဆိုင်ရာ မသမာမှုတရားစွဲချက်များ အား ဥပဒေကြောင်းအရ ကာကွယ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

Ref-Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *