၁၅. ၃. ၂၀၂၄
Written by Pan Ei
အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်းလိမ်လည်မှုတွေမှာ ပါ၀င်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို မြန်မာနိုင်ငံက ပြန်လည်ပို့ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တယ်ဆိုတာကို နိုင်ငံတကာ သတင်းဌာနတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်။
နယ်စပ်ဖြတ်ကျော် တယ်လီကွန်း လိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ တရုတ်၊ ထိုင်းနဲ့ မြန်မာ တရားဥပဒေ စိုးမိုးရေး အေဂျင်စီချင်းတွေအကြား တစ်နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ကြောင်း ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
တရုတ်နိုင်ငံက ရဲတပ်ဖွဲ့တွေက အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့နဲ့ ခုလို နိုင်ငံဖြတ်ကျော်ပြစ်မှုတွေကို ဆက်လက်နှိမ်နင်းသွားမှာဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
လောင်းကစားနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းမှုမှာ တရုတ်၊ ထိုင်း၊ မြန်မာနဲ့ လာအိုတို့ဟာ လောင်းကစားမှု၊ လိမ်လည်မှု၊ လူမှောင်ခိုမှု၊ ပြန်ပေးဆွဲမှုနဲ့ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အထူးပူးပေါင်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်ခဲ့ပါတယ်။
ဒါ့အပြင် အခုနှစ်အစောပိုင်းကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုက်ဘာလိမ်လည်လှည့်ဖြားမှုအဖွဲ့က အဓိကပုဂ္ဂိုလ်ခြောက်ဦးနဲ့ အခြားရာဇဝတ်မှုကြီးလေးခုက သံသယရှိသူတွေကို တရုတ်ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
Ref; Agbrief, xinhua
