၁၃.၃.၂၀၂၄
Written by Hey Mar

ရွှေပြည်သာမြို့နယ်မှာ မနေ့က မတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ် အချိန်ခန့်က ပျောက်ဆုံးသွားတဲ့ ငါးနှစ်အရွယ်ကလေးငယ်ကို ဒီနေ့ မတ်လ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကာ ကလေးကို အခြားကလေးကြီးတစ်ဦးက ခေါ်ဆောင်သွားတာဖြစ်ပြီး အခုအခါ မိဘတွေက ပြန်လည်ခေါ်ဆောင်လာပြီလို့ ကလေးရဲ့ မိသားစုဝင်တစ်ဦးက MT News ကို ပြောပါတယ်။

မနန္ဒာဝင်းပိုင် (ခ) ပေါက်ပေါက်စိ လို့ခေါ်တဲ့ အသက် ၅ နှစ်အရွယ်သမီးငယ်က သူ့ဖခင်နဲ့အတူ ရွှေပြည်သာကွေ့ပန်းခြံမှာ ဆော့ကစားနေစဉ် ဖခင်ဖြစ်သူက အပြင်ခဏထွက်ပြီးဈေးဝယ်ချိန် မိနစ်ပိုင်းအတွင်း ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။

ကလေးရဲ့အဒေါ်ဖြစ်သူက ကလေးငယ်ကို ပြန်လည်ရှာဖွေတွေ့ရှိပုံနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ကလေးပျောက်ဆုံးသတင်းတင်တဲ့အခါမှာ ကြုံတွေ့ရပုံတွေကို အခုလိုပြောပြပါတယ် “မနေ့ကပျောက်တော့ ထူပူပြီး ရှာကြတာပေါ့။ အဲ့ဒီကြားထဲ ည ၈ နာရီလောက်မှာ ကလေးကို ပြန်ပို့ပေးမယ်။ မုန့်ဖိုးတော့ ပေးရမယ်ဆိုပြီး တောင်းတဲ့ ဖုန်းလည်း လက်ခံရတယ်။ ပေးပါမယ် ဘယ်လောက်ပေးရမှာလဲဆိုတော့ နှစ်သိန်းတဲ့။ နှစ်သိန်းမဟုတ်ဘူး ၅ သိန်းပေးမယ်။ လာခေါ်ရမှာလား ပြန်လာပို့မှာလားဆိုတော့။ သူ့ဖုန်းထဲကို ငွေအရင်လွှဲပါ ကလေးကို နောက်နေ့မနက် ၈ နာရီမှ ပြန်ပို့မယ်ဆိုပြီးပြောတယ်။ ကလေးကအိပ်နေလို့၊ အခုထွက်လာဖို့လည်း မလွယ်လို့ဆိုပြီး ပြောတော့ ကျွန်မတို့က ပုံတော့ပို့ပေးပါဆိုတော့လည်း မပို့ဘူး။ ငွေမလွဲရင်လည်း ခင်ဗျားတို့ကလေးကို နယ်စပ်ပို့လိုက်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ဖုန်းဆက်သူကို စုံစမ်းတော့ အလိမ်အညာဖြစ်နေပြန်တယ်။ နောက်ပြီး ဖုန်းထဲကို ဟိုမှာတွေ့တယ် သည်မှာတွေ့တယ် မျိုးစုံပြောပေမယ့် နောက်ဆုံးတော့ ဒညင်းကုန်းလမ်းဆုံက ပြန်တွေ့တာပါ”လို့ ပြောပါတယ်။

ကလေးပျောက်ဆုံးခဲ့တဲ့ ပန်းခြံအနီးက CCTV ကင်မရာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ရှာဖွေရာမှာလည်း သမီးငယ် နန္ဒာဝင်းပိုင်ကို မိန်းကလေးငယ်တစ်ဦးက ခေါ်ဆောင်သွားတဲ့အတွက် အိမ်ခြေမဲ့ဆုတောင်းစားကလေးငယ်တွေနောက်ကို ဆက်စပ်လိုက်ရှာကြရင်း အခုလိုပြန်တွေ့တာလို့ သိရပါတယ်။

“ခေါ်သွားတဲ့ ကောင်မလေးကလည်း အသက်က ၁၂ နှစ် ၁၃ နှစ်ဝန်းကျင်။ သူက ဒညင်းကုန်းလမ်းဆုံမှာ တစ်ယောက်တည်းနေတာ။ ပရဟိတအသင်းတွေနဲ့ ချိတ်ဆက်ရှာဖွေတော့ ပြန်တွေ့တာ။ ဘာလို့ခေါ်သွားတာလဲတော့ မသိဘူး။ ခေါ်သွားတဲ့ ကလေးကိုလည်း ဘာမှမလုပ်ခဲ့ပါဘူး။ သက်ဆိုင်ရာကို အကြောင်းကြားပြီးထားပြီမို့ ကိုယ့်ကလေးကိုယ် ခေါ်ပြီးပဲ ပြန်လာခဲ့ပါတယ်” လို့ ဖြစ်စဉ်ကို ပျောက်ဆုံးသမီးငယ် နန္ဒာဝင်းပိုင်ရဲ့ အဒေါ်က ပြောပြပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို တောင်းရမ်းစားသောက်တဲ့ ကလေးတစ်ဦးနဲ့အတူ ပြန်လည်တွေ့ရှိခဲ့ပြီး ကလေးမိသားစုရဲ့ အိမ်နီးနားခြင်းဖြစ်သူ ဘေးအိမ်က အမျိုးသားတစ်ဦးက ပြန်လည်တွေ့ရှိခဲ့ကာ အကြောင်းကြားပေးခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ပျောက် ဆုံးခဲ့ရာက အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နှစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *