၉.၃.၂၀၂၄
Written by Hey Mar

လွန်ခဲ့တဲ့ လေးရက်လောက်က ရွှေပြည်သာနေအိမ်ကနေ ဂျပန်စာသင်တန်းကျောင်းသွားရင်း အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးငယ်ကို ပုသိမ်ဘက်မှာ ပြန်လည်တွေ့ရှိ သွားရောက်ခေါ်ယူခဲ့ပြီလို့ အဆိုပါမိန်းကလေးငယ် တက်ရောက်နေတဲ့ ဂျပန်စာသင်တန်းကျောင်းကနေ သိရပါတယ်။

မိန်းကလေးက မတ်လ ၅ ရက်နေ့ မှာ ခေါင်းမူးတယ်လို့ နောက်ဆုံးဆက်သွယ်ပြီး ပျောက်ဆုံးနေတာကြောင့် မိသားစုနဲ့ သူ တက်ရောက်နေတဲ့ သင်တန်းက ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေအသိပေးရှာဖွေတာတွေ ပြုလုပ်ခဲ့ရပါတယ်။

လှည်းတန်း Arket ဂျပန်စာသင်တန်းကျောင်းမှာ သင်တန်းတက်ရောက်နေတဲ့ အသက် ၂၀ အရွယ် သင်တန်းသူ မမြတ်နိုးစံဟာ မတ်လ ၅ ရက် မနက် ၈ နာရီခွဲဝန်းကျင်က သင်တန်းအလာမှာ သူငယ်ချင်းထံ “သင်တန်းကိုရောက်တော့မယ်”ပြောပြီး သင်တန်းပြီးချိန်ထိ ရောက်မလာဘဲ ဆက်သွယ်လို့ပါမရတော့ဘဲ ပျောက်ဆုံးနေတာပါ။ ညနေ ၃ နာရီခွဲဝန်းကျင်မှာ “ခေါင်းတွေအရမ်းမူးနေတယ်။ ဘယ်ရောက်လို့ရောက်နေမှန်းလည်းမသိဘူး။ ဖုန်းတိုင်တွေသိပ်မမိနေရာကို ရောက်နေတယ်”ဆိုပြီး သူငယ်ချင်းနဲ့ မိဘဖုန်းတွေဆီ စာပို့လာပေမဲ့ ပြန်လည်ဆက်သွယ်လို့မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ အဲ့ဒီနေ့က Arket သင်တန်းကျောင်းက ရေးသား ဖော်ပြထားပါတယ်။

အခုပြန်လည်တွေ့ရှိပုံက မမြတ်နိုးစံမှာ ဝတ်ဆင်ထားတဲ့ ရွှေထည်၊ ဖုန်း စတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ဘာမှ ပြန်ပါမလာဘဲ ညနေပိုင်း မိုးချုပ်ခါနီး ပုသိမ်ဘက်မှာတွေ့ရှိတဲ့ အဘိုးအဘွား နှစ်ဦးက ခေါ်ယူစောင့်ရှောက်ထားတာကို ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးက တွေ့မြင်ပြီး သင်တန်းကျောင်းနဲ့ မိသားစုကို ချိတ်ဆက်လာတာမို့ မနေ့က သွားရောက်ပြန်လည်ခေါ်ယူခဲ့ပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *