၈. ၃. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် နွေရာသီအတွင်း အပူချိန်ထူးထူးကဲကဲမြင့်တက်လာနိုင်မှုကြောင့် ပြည်သူတို့၏ကျန်းမာရေးထိခိုက်မှုအန္တရာယ်များရှိလာနိုင်ကြောင်း မတ်လ ၇ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယခုနှစ်နွေရာသီတွင် ထိုင်းနိုင်ငံ၌ အပူချိန်က ၅၂ ဒီဂရီ ဆယ်လ်စီးယပ်စ်ကိုပင် ကျော်လွန်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးချက်တွင် လေထုအပူချိန်ကမူ အပူချိန်ခန့်မှန်းချက်အညွှန်းနှင့် ကွဲပြားမှုရှိကြောင်း၊ ထိုင်းနိုင်ငံတွင် အပူချိန်စံချိန်တင်မြင့်မားမှုများက မည်သည့်နှစ်တွင်မှ ၅၀ ဒီဂရီထက် မြင့်တက်ခြင်းမရှိခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင်မူ အပူချိန်(သို့မဟုတ်)အပူချိန်ခန့်မှန်းချက်အညွှန်းက ၅၀ ဒီဂရီ အထက်သို့ရောက်လိမ့်မည်ဟု ခန့်မှန်းထားပါကြောင်း ဖော်ပြခဲ့သည်။

လူ့ခန္ဓာကိုယ်အတွက်သိသာထင်ရှားသော အပူချိန်ဟုလည်း ဆိုရမည့် အပူချိန်ခန့်မှန်းချက်အညွှန်းက လေထုအပူချိန်နှင့် ဆက်စပ်နေသည့် စိုထိုင်းဆတို့ ပေါင်းစပ်မိချိန်တွင် လူသားတို့၏ခန္ဓာကိုယ်က ခံစားသိရှိသော အပူချိန်ကိုဆိုလိုခြင်းပင်ဖြစ်သည်။ ၎င်းက လူသားတို့ သက်သောင့်သက်သာဖြင့် အသက်ရှင် နေထိုင်နိုင်ရေးအတွက် အရေးကြီးသည်။ခန္ဓာကိုယ်က အလွန်အမင်းအပူချိန်မြင့်လာပြီဆိုက ချွေးထွက် ခြင်း(သိုမဟုတ်) ချွေးပြန်စေခြင်းဖြင့် အအေးဓာတ်ရအောင် ပြန်လည်လုပ်ပေးလေ့ရှိသည်။

ထိုင်းနိုင်ငံတွင် နွေရာသီက ဖေဖော်ဝါရီလ ၂၂ ရက်တွင် စတင်သည်ဟု သတ်မှတ်ကြသည်။ အပူချိန် အလွန်အကဲမြင့်တက်လာမှုက ကေလးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် အဝလွန်သူများ၊ ပုံမှန်အရက်သောက်သုံးလေ့ရှိသူများနှင့် အဆောက်အအုံအပြင်ဘက် နေပူထဲတွင် ကြာရှည် အလုပ်လုပ်ကိုင်မှု(သို့မဟုတ်) လှုပ်ရှားဆောင်ရွက်မှု ပြုလေ့ရှိသူများတွင် ပို၍ အန္တရာယ် ရှိနိုင်ကြောင်းလည်း သတိပေးချက်က ဖော်ပြသည်။

၂၀၁၉ ခုနစ်မှ ၂၀၂၃ ခုနှစ်အထိ ထိုင်းနိုင်ငံတွင် အပူလျှပ်သေဆုံးသူ စုစုပေါင်း ၁၃၁ ဦး(သို့မဟုတ်) ပျမ်းမျှ တစ်နှစ်လျှင် ၂၆ ဦးရှိခဲ့သည်။ အများစုမှာ သက်ကြီးရွယ်အိုများနှင့် အဆောက်အအုံပြင်ပတွင် အလုပ်လုပ်သူများဖြစ်ကြောင်းလည်း တွေ့ရသည်။

Ref-Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *