Happy Water ပါဝင်ဖွယ်ရှိသည့် ချောကလက်များကြောင့် မူးဝေအော့အန်သူများကို ဆေးရုံသို့ ကူညီပို့ဆောင်နေမှုမြင်ကွင်း (ဓာတ်ပုံ-ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်း)

၇ .၁၂. ၂၀၂၂
Written by Hey Mar

တာချီလိတ်မြို့တွင် Happy Water မူးယစ်ဆေးပါဝင်ဖွယ်ရှိသည့်ချောကလက် အလုံးများစားမိပြီး ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး မူးဝေအော့အန်ကာ ဆေးရုံသို့ တင်ပို့ကုသမှု ခံယူနေရကြောင်း ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကMT News သို့ ပြောသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ကျွန်တော်တို့ဆီမှာ ဆရာတော်တစ်ပါးအဝင်ပေါ့။ ဒါယကာ၊ ဒါယိကာမတွေ Happy Water ပါတဲ့ ကော်ဖီမစ်သောက်မိလို သတိလစ်မေ့မြောတာတွေ ဖြစ်ခဲ့သေးတယ်။ အခုက ချောကလက်ပေါ့။ စားမိတာ ကလေး ၂ဦး လူကြီး ၃ ဦး။ သတိလစ်တာတွေအထိ မဟုတ်ပေမယ့် ခပ်ဆင်ဆင်တူတဲ့ လက္ခဏာမျိုးနဲ့ မြောနေကြတာပါ” ဟု ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ပါလျှံ (၁)ရပ်ကွက်၊ အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီးတွင် အိမ်ခန်းငှားနေသူတချို့ ချောကလပ်အလုံးများ စားမိပြီး ကလေးငယ် ၂ ဦးနှင့် လူကြီး ၃ ဦး ရုတ်တရက် ဦးခေါင်းမူးဝေအော့အန်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်ကြောင့် ဆေးကုသမှု ခံယူနေရသူများမှာ အသက် ၂ နှစ် ၄ လအရွယ်ရှိ ယောကျ်ားလေးတစ်ဦး၊ အသက် ၁ နှစ် ၄ လအရွယ် မိန်းကလေးတစ်ဦး၊ အသက် ၂၉ နှစ် အရွယ် အမျိုးသမီးတစ်ဦး(ဦးခေါင်းမူးဝေ မစိုးရိမ်ရ )၊ အသက်၂၁ နှစ်အရွယ် အမျိုးသမီး (မူးဝေ၊ အော့အန်)နှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသား (မူးဝေအော့အန်) တို့ဖြစ်ပြီး လက်ရှိတွင် နေအိမ်မှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပိုကုသခံယူလျှက်ရှိကြောင်း သိရသည်။

Happy Water ဆိုသည့် မူးယစ်ဆေးဝါးအသစ်မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ထွက်ရှိသည့် မူးယစ်ဆေးဝါးအသစ်ဟုဆိုတာ ထိုင်းနိုင်ငံမှ တင်းကျပ်စွာစစ်ဆေးမှု ပြုလုပ်နေသကဲ့သို့ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများတွင်လည်း အဆိုပါမူးယစ်ဆေးကို သတိပြုစစ်ဆေးနေသည်။ Happy Water သည် ကန့်သတ်ထိန်းချုပ်မူးယစ်ဆေးဝါးများဖြစ်သော Ketamine၊ Ecstasy၊ ICE(Methamphetamine) နှင့် ကော်ဖီ၊ ဒိုင်ယာဇီပင်၊ Tramadol အမှုန့်များ ရောမွှေထားသော မူးယစ်ဆေးဝါးပုံစံသစ်ဖြစ်ပြီး အများအပြားသောက်မိပါက သေဆုံးနိုင်သည့် အန္တရာယ်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *