၇. ၁၂. ၂၀၂၂
Written by Hey Mar

အိန္ဒိယမိုးလေဝသဌာနမှ ဒီဇင်ဘာ ၆ ရက်နေ့ ကြိုတင်ခန့်မှန်းချက်အရ ယနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်တွင် INVEST-96 B လေဖိအားနည်းရပ်ဝန်းသည် Dd (Deep-depression – မုန်တိုင်းငယ်အဆင့်)ရောက်ရှိမည်ဟု ထုတ်ပြန်ထားပြီး ယနေ့ (ဒီဇင်ဘာ ၇ ရက်) ညနေပိုင်းနှင့် ညအချိန်များတွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုသည်။

မုန်တိုင်းအရှိန်သက်ရောက်မှုများ အား ကြိုတင်ခန့်မှန်း ချက်အရ ဒီဇင်ဘာ ၈ ရက် နှင့် ၉ ရက်နေ့များတွင် ငပုတော၊ ငွေဆောင်၊ ချောင်းသာ၊ ဂေါ်ရင်ဂျီ၊ လပွတ္တာ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဝါးခယ်မ၊ ညောင်တုန်း၊ ကျောင်းကုန်း၊ ဓနုဖြူ၊ ကျုံပျော်၊ ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူ၊ မင်းလှ၊ မိုးညို၊ မှော်ဘီ၊ တိုက်ကြီး၊ ဖေါင်ကြီး၊ လှည်းကူး၊ အင်းတကော် စသည့် မြိုနယ်များတွင် မိုးရွာနိုင်သည်။ ထို့ပြင် နေရာကွက်၍ ခေတ္တမျှ မိုးများနိုင်၊ မိုးသက်လေပြင်းများ ကျရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။

မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်းမှာ အများဆုံး တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်ခန့်အထိ ရှိနိုင်ကြောင်းသိရသည်။ ဖြစ်လာနိုင်မည့် မိုးတိမ်တောင်ကြီးများအား အထူးဂရုပြုကြရန် တိုက်ထွန်းထားပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း မင်းလှနှင့် မိုးညို၏ အထက်ဘက်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းများတွင် မိုးရွာသွန်းနိုင်ခြေ မရှိဟု ဦးဝင်းနိုင်က သူ၏ တွေ့ရှိချက်ကို ရေးသားထားသည်။

ယနေ့မြန်မာစံတော်ချိန် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော မုန်တိုင်းငယ်(Depression) သည် အနောက်-အနောက်မြောက်ဘက်သို ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်တောင်ဘက် ရေမိုင်(၅၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၆၆၀)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့ (Jaffna)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၃၆၀)မိုင်ခန့် နှင့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် ရေမိုင်(၄၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အားကောင်းသော မုန်တိုင်းငယ်(Deep Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အသိပေးချက်ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *