မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)

၅. ၃. ၂၀၂၄
Written by Hey Mar

ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်ကမ်းကနေ အမျိုးသားတစ်ဦး ရေထဲခုန်ချပြီး သတ်သေခဲ့တဲ့ဖြစ်စဥ် မနေ့က မတ်လ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)ကနေ သိရပါတယ် ။

ဖြစ်စဥ်က ဘားအံမြို့၊ အမှတ်-၃ ရပ်ကွက်၊ ၁၅၀-ကွက်သစ်၊ ရေအရင်းအမြစ်ရုံး အနောက်ဘက် သံလွင်မြစ်ကမ်းမှာဖြစ်ပွားခဲ့ပြီး ရေထဲခုန်ချသတ်သေခဲ့တဲ့ အမျိုးသားက အမှတ်၂ ရပ်ကွက်၊ စျေးတန်းလမ်းမှာနေထိုင်သူ အသက် ၃၈ နှစ်အရွယ်လို့ သိရပါတယ်။

“သူခုန်ချသွားတာကို မြင်လိုက်တဲ့သူတွေက ကျွန်တော်တို့ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)ကို ဖုန်းဆက်လာတယ်။ ဖုန်းလက်ခံရချိန်နဲ့ ခုန်ချချိန်က မိနစ် ၂၀ လောက် ကွာနေပါပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်းကြားပြီး ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ဖြစ်စဥ်နေရာကို ထွက်ခွာကူညီခဲ့ပါတယ်”လို့ MT News က မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

အခင်းဖြစ်နေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ၊ ကမော့ကစင်)၊ မာဃလူမှုကူညီရေးအသင်း၊ ရပ်ကွက်နေပြည်သူတွေနဲ့အတူ ညနေ ၆ နာရီခွဲခန့်က စတင်ပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာ ည ၈ နာရီခန့်မှာ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘားအံဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *