၅.၃.၂၀၂၄
Written By Thandar

ပျော်ရွှင်စရာ ကျေးလက်ဟာသဇာတ်လမ်းပုံစံ “သူတို့ရွာ” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပေးပွဲကို ယနေ့ မတ်လ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံစေတီတော်(အောင်မြေ) မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ပထမဦးဆုံး ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ဖြစ်တယ်ဆိုတာက ဒါရိုက်တာ တစ်ယောက်ငှားရိုက်ဖို့ No Budget မို့လို့ပါ။ အဆင်မပြေလို့ပါ။ အဲဒါကြောင့်ပါ။ ဟာ ဟန်ဇာကြီးက ဒါရိုက်တာကြီးပါ လုပ်နေပြီလို့လည်း မထင်ပါနဲ့။ ပွဲဦးထွက် ဇာတ်ကားလေးကို ပရိသတ်တွေလည်း သဘောကျစေမယ့် သူတို့ရွာဆိုတဲ့အတိုင်း ပျော်ရွှင်စရာ ချစ်စရာကောင်းတဲ့ ကျေးလက်ဟာသကားလေးပုံစံ ဖန်တီးကြမှာပါ။ ဇာတ်လမ်းလေးကို သူငယ်ချင်း သင်းနံ့သာက သေချာရေးပေးထားတယ်ဆိုတော့လေ။ မင်းသားက ဘယ်သူလို့ရယ်လို့လည်း သတ်မှတ်မထားကြပါဘူး။ ကျွန်တော်တို့အားလုံး ကြိုးစားအားထုတ်ကြမယ့် ဇာတ်ကားလေးကို အားပေးကြပါလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဒါရိုက်တာဟန်ဇာမိုးဝင်းက ပြောပါတယ်။

အဆိုပါ HTL ထုတ်လုပ်ရေးက ပထမဦးဆုံး ပွဲဦးထွက်အနေနဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို သင်းနံ့သာ ရေးသားပြီးတော့ ဒါရိုက်တာအနေနဲ့ ဟန်ဇာမိုးဝင်းက လာမယ့် မတ်လ ၁၀ ရက်နေ့မှာ ပြင်ဦးလွင်မြို့နယ်ရှိ စီးသာကျေးရွာဘက်မှာ ရိုက်ကူးပုံဖော်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်အနေနဲ့ ဟန်ဇာမိုးဝင်း၊ သိန်းလင်းစိုး၊ ရှိုင်းထက်၊ စွမ်းရည်စိုးမင်း၊ ချမ်းချမ်းမိုး၊ Special guest အနေနဲ့ ဒိုပေါက်၊ မေမြတ်နိုးခင် စတဲ့ သရုပ်ဆောင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။

“ရွာရဲ့ကွမ်းတောင်ကိုင် လှနှင်းရီကာရိုက်တာနဲ့ ညီမပါဝင်ထားပါတယ်။ လှနှင်းရီက ဉာဏ်ကောင်းပေမယ့် စကားတစ်ခွန်းပြောခါနီးတိုင်း စဉ်းစားတွေဝေတတ်တဲ့ အူတူတူအတတလေးနဲ့ ကောင်မလေးနေရာက ပရိသတ်တွေမြင်ရမှာပါ။ ကိုယ့်ရဲ့ အဖေက ရွာဥက္ကဋ္ဌပေါ့။ ရွာမှာဖြစ်တဲ့ပြသာနာ‌တွေကို ညီမက လိုက်ဖြေရှင်းနေသူတစ်ဦးနေရာက အကောင်းဆုံးသရုပ် ဆောင်သွားမှာပါ”လို့ သရုပ်ဆောင် စွမ်းရည်စိုးမင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *