၅. ၃. ၂၀၂၄
Written by Hey Mar
ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းမကြီးပေါ်မှာ ဒီနေ့ မတ်လ ၅ ရက်နေ့ မနက်အစောပိုင်းက အသက် ၆၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနက် ၆ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့ပြီး လမ်းရှင်းနေချိန် မြေသယ်ယာဉ် Faw ကား သုံးစီး အပြိုင်မောင်းရာက လမ်းကူးဖို့ စောင့်ဆိုင်းနေတဲ့ အဆိုပါအမျိုးသားကြီးကို တိုက်ကြိတ်မိကာ မောင်းပြေးသွားကြတယ်လို့ အနီးအနားမျက်မြင်တချို့က ဆိုပါတယ်။
ဖြစ်စဉ်ကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း တာဝန်ရှိသူ ကိုလှိုင်ဝင်းထွန်းက “ကားတိုက်ခံရသူက ၆၇ ရပ်ကွက်ထဲက ပလုံကောက်တဲ့ အဘကြီးလို့ သိရတယ်။ မျက်နှာက အတော်ပျက်စီးသွားတော့ အဝတ်အစားနဲ့ အမှတ်အသားကို ကြည့်ပြီး မိသားစုရှာဖွေပေးရတာ”လို့ MT News ကို ပြောပါတယ်။
အခင်းဖြစ်နေရာကို တာဝန်ရှိသူတွေ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ပျက်စီးနေတဲ့ ရုပ်အလောင်းအပိုင်းအစတွေကို ပရဟိတအသင်းတွေက ဝိုင်းဝန်းရှင်းလင်းပေးပြီး ရုပ်အလောင်းကို အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းယာဉ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။



