၄.၃.၂၀၂၄
Written by KL

စိတ်ကျန်းမာရေးချို့တဲ့သူက ကျောင်းသင်္ခမ်းတစ်ခုကို မီးရှို့ရာမှ ကိုရင်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့မှု ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်​မြို့ နမ့်နန်းကျေးရွာအနီးတွင် မတ်လ ၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ သက်တော် ၅၃ နှစ်အရွယ် ကိုရင်ကြီးဖမွန်က မိုင်းဖြတ်​မြို့ နမ့်နန်းကျေးရွာ သဘာဝလှိုဏ်ဂူအနီးတွင် ကျောင်းဆောက်၍ သီတင်းသုံးနေထိုင်စဥ် စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၃၅ နှစ်ရှိ ကိုနဒီအောင်ခေါ် ယားပါက ကျောင်း ဆောင်ကို မီးရှို့ခဲ့ရာမှ ကိုရင်ကြီးပါ မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်သေဆုံးခဲ့သော ကိုရင်ကြီးကို ဒေသခံ ပရဟိတအသင်းက မိုင်းဖြတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ခဲ့ပြီးမတ်လ ၄ ရက် မွန်းလွဲပိုင်းက မိုင်းဖြတ်မြို့ရှိ မြို့မသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကိုရင်ကြီး၏ကျောင်းကို မီးရှို့ခဲ့သော ဟွေဟုန်းကျေးရွာနေသူ ကိုနဒီအောင် ခေါ် ယားပါ (၃၅နှစ်)ကို မိုင်းဖြတ်မြို့မရဲစခန်းက ဖမ်းဆီးကာ စစ်ဆေးအရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *