၄. ၃. ၂၀၂၄
Written by Pan Ei

မရေမတွက်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အရှေ့တောင်အာရှက ငါးမျိုးစိတ်တွေရဲ့ ငါးပုံတစ်ပုံကို မျိုးသုဉ်းပျောက်ကွယ်မှုနဲ့ မဲခေါင်မြစ်အတွင်းက မတူကွဲပြားတဲ့ ငါးတွေရဲ့အရေအတွက်ကို ခြိမ်းခြောက်နေကြောင်း ထိန်းသိမ်းရေးအဖွဲ့တွေက ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တိဗက်ကုန်းပြင်မြင့်မှ တောင်တရုတ်ပင်လယ်အထိ ကီလိုမီတာ ၅၀၀၀ (မိုင်ပေါင်း ၃၀၀၀) နီးပါး ရှည်လျားတဲ့ မဲခေါင်မြစ်က တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က သန်းပေါင်းများစွာသော လူတွေအတွက် မွေးမြူရေးနဲ့ ငါးဖမ်းလုပ်ငန်းအတွက် အားထားရာ နေရာလည်း ဖြစ်ပါတယ်။​

ခုလိုငါးတွေအတွက် ခြိမ်းခြောက်မှုဖြစ်စေတာတွေထဲမှာ ကျက်စားရာနေရာတွေဆုံးရှုံးခြင်း၊ စိုက်ပျိုးရေးနဲ့ ငါးပုစွန်မွေးမြူရေးအတွက် စိမ့်မြေတွေအဖြစ် ပြောင်းလဲခြင်း၊ သဲတူးဖော်ခြင်း၊ ကျူးကျော်မျိုးစိတ်တွေ ရောက်ရှိလာခြင်း၊ ရာသီဥတုဖောက်ပြန်မှု ပိုမိုဆိုးရွားလာခြင်းနဲ့ မြစ်ရဲ့ စီးဆင်းမှုနဲ့ မြစ်လက်တက်တွေကို အပိုင်းပိုင်းခွဲကာ ရေအားလျှပ်စစ်အတွက် ဆည်တွေ ဆောက်လုပ်တာတွေပါဝင်တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့အဏ္ဏဝါနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ၂၅ ဖွဲ့တို့က ပြုစုထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။

“အခုအချိန်မှာ အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ အရှိန်ရလာနိုင်တဲ့ ခြိမ်းခြောက်မှုကတော့ ရေအား​လျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးပါပဲ” လို့ အစီရင်ခံစာနောက်ကွယ်က အဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ မဲခေါင်အံဖွယ်အဖွဲ့ကို ဦးဆောင်သူ ငါးဇီဝဗေဒပညာရှင် Zeb Hogan က ပြောကြားခဲ့ပါတယ်။

မဲခေါင်ဒေသရှိ ငါးမျိုးစိတ် ၁၁၄၈ ရဲ့ ၁၉ ရာခိုင်နှုန်း ဒါမှမဟုတ် အဲ့ဒီထက်ပိုတဲ့ မျိုးစိတ်တွေက မျိုးသုဉ်းရန် ဦးတည်နေကြောင်း အစီရင်ခံစာက ဖော်ပြထားပြီး မျိုးစိတ်တွေရဲ့ ၃၈ ရာခိုင်နှုန်းတို့ရဲ့ ထိန်းသိမ်းမှုအခြေအနေကို သိရှိရမှု နည်းပါးတာကြောင့် အရေအတွက်ဟာ ပိုများနေနိုင်ပါသေးတယ်။

စိုးရိမ်ဖွယ် မျိုးသုဉ်းမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေထဲမှာ ကမ္ဘာ့အကြီးဆုံး ငါးခူမျိုးစိတ်နှစ်ခု၊ ကမ္ဘာ့အကြီးဆုံး ငါးကြင်းနဲ့ ဧရာမ ရေချိုငါးလက်ထုံတွေ အပါအဝင် မျိုးစိတ် ၁၈ ခုက မျိုးသုဉ်းမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေး ယူနီယံက စာရင်းပြုစုထားပါတယ်။

ကမ္ဘာ့ကုန်းတွင်းငါးဖမ်းမှုရဲ့၁၅ ရာခိုင်နှုန်းကျော်ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်လောက် ဝင်ငွေရရှိနေစေတဲ့မဲခေါင်မြစ်အတွင်း ငါးတွေ ရှားပါးလာတာက မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသရှိ လူပေါင်း သန်း ၄၀ ထက်မနည်းကို စားနပ်ရိက္ခာဖူလုံမှု ထိခိုက်စေနိုင်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်ရှိ နိုင်ငံတွေဟာ ငါးအရေအတွက်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေကို တွန်းလှန်ဖို့ ကြိုးပမ်းမှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အချိန်မနှောင်းသေးဘဲ မြစ်ကြောင်းရေရှည်တည်တံ့ခိုင်မြဲဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ စုပေါင်းလုပ်ဆောင်ရင် မျှော်လင့်ချက်ရှိသေးတယ်လို့လည်း Hogan က ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *