၂၉.၂.၂၀၂၄.
Translated by Htwe Ko Tun

တောင်ကိုရီးယားအစိုးရ၏ ဆေးကျောင်းများတွင် ဆရာဝန်ဘွဲ့ယူရန် နှစ်စဉ်ဆေးကျောင်းသားများ လျှောက်ထားမှုကို တိုးမြှင့်သွားမည်ဆိုသည့် မူဝါဒအပေါ် မကျေမနပ်ဆန့်ကျင်ဆန္ဒပြနေကြသည့် အလုပ်သင်ဆရာဝန်များအား ဖေဖော်ဝါရီ ၂၉ ရက် နောက်ဆုံးထား၍ အလုပ်ခွင်ပြန်လာကြရန်နှင့် သို့မဟုတ်ပါက အရေးယူခံရမည်ဟု အစိုးရ၏ သတိပေးသတ်မှတ်ချက် နောက်ဆုံးနေ့သို့ ရောက်လာပြီဖြစ်သော်လည်း ယခုတိုင် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် အရိပ်လက္ခဏာ အနည်းငယ်သာ ရှိကြောင်း ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အစိုးရက ဆန္ဒပြဆရာဝန်များအနေဖြင့် ဖေဖော်ဝါရီလ ၂၉ ရက် ကျော်သည်အထိ အလုပ်ခွင်များသို့ပြန်မဝင်ဘဲ ဆက်လက်ဆန္ဒပြနေကြလျှင် ဆေးကုသခွင့်လိုင်စင်များရုပ်သိမ်းကာ တရားစွဲမှုခံရနိုင်သည်ဟု သတိပေးခဲ့သည်။သို့သော် ဆန္ဒပြမှု၏ ဆယ်ရက်မြောက်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၉ ရက်တွင်လည်း အလုပ်သင်ဆရာဝန် ၉,၀၀၀ ကျော်က ဆန္ဒပြပွဲတွင် ဆက်လက်ပါဝင်နေကြဆဲဖြစ်သည်။

နိုင်ငံတစ်ဝန်း အဓိကကျသော အထွေထွေဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်များ ဆန္ဒပြနေမှုကြောင့် ခွဲစိတ်မှုများပြုလုပ်ခြင်း၊ အရေးပေါ်အခန်းများ၌ ကုသမှုပြုခြင်းနှင့် အရေးကြီးလူနာများအား ကုသခြင်းတို့အပါအဝင် ဆေးရုံများ၏လုပ်ငန်းဆောင်တာအများအပြားမလည်ပတ်နိုင်ဘဲ လျော့ကျရလျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အလုပ်သင်ဆရာဝန်များ၏ ကိုယ်စားလှယ်ဖြစ်သူများ၏ အိမ်များသို့ အစိုးရက ၎င်းတို့အား လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် အမိန့်စာများကိုလည်း ပေးပို့ခဲ့သည်။ သို့သော် မကြာမီက အစိုးရက ဆန္ဒပြအလုပ်သင်ဆရာဝန်များ၏ ဖုန်းများသို့ သတင်းများပေးပို့ခဲ့ရာတွင်လည်း ၎င်းတို့ကလိုက်နာရန် ငြင်းဆန်မှုပြုခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ချိုကျုးဟုန်ကလည်း အလုပ်သင်ဆရာဝန်များအား ဆန္ဒပြမှုရပ်ဆိုင်း၍ အလုပ်ခွင်ပြန်ဝင်ကြရန် နောက်ဆုံးမေတ္တာရပ်ခံချက်တစ်ခုကိုလည်း ပြုလုပ်ထားသေးသည်။ ၎င်းက ဖေ ဖော်ဝါရီလ ၂၉ ရက်မတိုင်မီ အလုပ်ခွင်ပြန်ဝင်ကြလျှင် ၎င်းတို့အနေဖြင့် ဆန္ဒပြမှုအတွက်တာဝန်မရှိဟု ယူဆပါကြောင်းလည်းပြောခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်အထိ ဆန္ဒပြနေသော အလုပ်သင်ဆရာဝန် ၂၉၄ ဦးသာ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက် လာပြီး ၉,၉၉၇ ဦး၊ ရာခိုင်နှုန်းအားဖြင့် အလုပ်သင်ဆရာဝန်များ၏ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက ရာထူးမှနုတ်ထွက်လွှာများတင်သွင်းခဲ့ကြပြီးဖြစ်ကာ ၉,၀၇၆ ဦးက လုပ်ငန်းခွင်ကိုထွက်ခွာသွားကြပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပတ်မင်ဆူးက ပြောခဲ့သည်။

Ref . Yonhap

Leave a Reply

Your email address will not be published. Required fields are marked *