၂၉. ၂. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံဟာ အခုနှစ်ကုန်မှာ ဆေးခြောက်ကို အပန်းဖြေဖို့ အသုံးပြုမှု တားမြစ်မှာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ဆေးခြောက်အသုံးပြုမှုကိုတော့ ဆက်လက်ခွင့်ပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဆေးခြောက်ဟာ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက တရားဝင်ဖြစ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာတော့ ဆေးခြောက်သုံးစွဲခွင့်ကို အပြည့်အ၀ ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံဖြစ်လာပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ ဆေးခြောက်ရောင်းချတဲ့ ဆိုင်အရေအတွက် ၂၀၀၀၀ အထိရှိလာခဲ့ကာ လာမဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံအထိ တန်ကြေးရှိမယ်လို့ ခန့်မှန်းထားတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

“ဆေးခြောက်ကို အလွဲသုံးစားလုပ်မှုဟာ ကလေးတွေအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိတယ်လို့ မြင်ပါတယ်” လို့ ထိုင်းကျန်းမာရေးဝန်ကြီး Cholnan Srikaew က ပြောကြားခဲ့တဲ့အပြင် အစိုးရက နှစ်ကုန်မှာ အသက်ဝင်မယ်လို့ မျှော်လင့်ရတဲ့ ဆေးခြောက်သုံးစွဲမှုကို ထိန်းချုပ်ဖို့ ဥပဒေအသစ်ကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဥပဒေမူကြမ်းကို နှစ်မကုန်မီ အတည်ပြုနိုင်ဖို့ ပါလီမန်ဆီ အတည်ပြုဖို့မရောက်ခင် ခွင့်ပြုချက်အတွက် လာမဲ့လမှာ အစိုးရအဖွဲ့ဆီ တင်ပြသွားမှာဖြစ်တယ်လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ကြော်ငြာနဲ့ စျေးကွက်ရှာဖွေရေး လှုပ်ရှားမှုတွေမှာ အပန်းဖြေအသုံးပြုမှုအတွက် ဘတ် ၆၀,၀၀၀ (ဒေါ်လာ ၁,၇၀၀) အထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး အပန်းဖြေဖို့အတွက် ဆေးခြောက်ကို အသုံးပြုပါကလည်း ထောင်ဒဏ် တစ်နှစ်အထိ ဒါမှမဟုတ် ဘတ် ၁ သိန်းအထိ ဒဏ်ငွေတွေ ချမှတ်ခံရနိုင်ပါတယ်။ ဒါ့အပြင် လိုင်စင်မရှိဘဲ ဆေးခြောက်စိုက်ပျိုးခြင်းအတွက်လည်း ဒဏ်ကြေးငွေ ဘတ် ၂၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ဒါမှမဟုတ် ထောင်ဒဏ်တစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံအများအပြားမှာ ဆေးခြောက်သုံးစွဲမှုကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ကာ ဆေးခြောက်လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုနဲ့ ရောင်းဝယ် ဖောက်ကားမှုတွေအတွက် သေဒဏ်တွေပါ ချမှတ်နေချိန်မှာ ထိုင်းနိုင်ငံရဲ့လုပ်ရပ်က အာရှဒေသမှာတော့ ရှားရှားပါးပါးဖြစ်ခဲ့ရတာပါ။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *