၂၉. ၂. ၂၀၂၄
Translated by Htwe Ko Tun

နော်ဝေနိုင်ငံအနောက်ဘက်ကမ်းခြေအလွန် ပင်လယ်အတွင်း ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့မှုကြောင့် လူတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း နော်ဝေရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခြင်းကြောင့် နော်ဝေကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးပလက်ဖောင်းများသို့ အသွားအပြန် သယ်ယူပို့ဆောင်ရေးခေတ္တ ရပ်ဆိုင်းခဲ့ရကြောင်းလည်းသိရသည်။

နော်ဝေနိုင်ငံတွင် ရဟတ်ယာဉ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေသည့် Bristow Norway ကုမ္ပဏီမှ အလတ်စား ဘက်စုံသုံးရဟတ်ယာဉ်ဖြစ်‌သည့် Sikorsky S-92 ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းတာဝန်ရှိသူများက ပြောခဲ့ကြသည်။ ရဟတ်ယာဉ်က ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းတာဝန်ကိုဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၂၈ ရက်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ရဟတ်ယာဉ်ပေါ်တွင် လူခြောက်ဦးလိုက်ပါလာခဲ့ရာ ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက ၎င်းတို့ခြောက်ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော်တစ်ဦးမှာ ဆေးရုံသို့အရောက်တွင် သေဆုံးခဲ့ရသည်။ ကျန်ငါးဦးအနက်တစ်ဦးမှာ အသေးအဖွဲဒဏ်ရာလေးများသာရခဲ့ကာ လေးဦးမှာ ကွဲပြားသော ဒဏ်ရာအမျိုးမျိုးရခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လော့ခ်ဟိဒ်မာတင် ကုမ္ပဏီကထုတ်လုပ်ခဲ့သည့် Sikorsky S-92 ရဟတ်ယာဉ်၏ ပျက်ကျခဲ့ရခြင်း အကြောင်းကိုမူ လတ်တလောတွင် မသိရသေးပေ။

စွမ်းအင်လုပ်ငန်းအုပ်စုတစ်ခုဖြစ်သော Equinor က ရဟတ်ယာဉ်မှာ ပုံမှန်အားဖြင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုကြောင်း၊ ကုမ္ပဏီ၏ကမ်းလွန်ပင်လယ်တူးဖော်ရေးလုပ်ကွက်များတွင် အသုံးပြုနေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ထိုပျက်ကျမှုဖြစ်ပွားပြီးနောက် Equinor က နော်ဝေရှိ ၎င်း၏ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်များသို့ ရဟတ်ယာဉ်များ ပုံမှန်ပို့ဆောင်ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်းလည်း သိရသည်။

Ref- Yahoo! Finance

Leave a Reply

Your email address will not be published. Required fields are marked *