၂၈. ၂. ၂၀၂၄
Written by Nyein Kyaw

လေကြောင်းခရီးစဉ်၊ ရေကြောင်းခရီးစဉ်နှင့် နယ်စပ်ဝင်ထွက်ဂိတ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများ မတ်လ ၁ ရက်မှစ၍ ကျန်းမာရေးကြေညာချက် (Health Declaration Form) တင်ပြရန် မလိုအပ်တော့ဘဲ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးခြင်းတို့ကိုသာ ခံယူရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄) ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ခရီးသွားပြည်သူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိများက ဆောင်ရွက်သော ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သောကျန်းမာရေး စစ်ဆေးခြင်းတို့ကို ခံယူရမည်ဖြစ်သည်။

နိုင်ငံခြားသားခရီးသည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ (ကိုဗစ်-၁၉ ရောဂါအပါအဝင်) ဖြစ်ပေါ်လာပါက ကုန်ကျစရိတ်များအား မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်သည်။ ကျမ်းမာရေးအာမခံ ဝယ်ယူလိုပါက မြန်မာ့အာမခံလုပ်ငန်း Website Myanmar Insurance (mminsurance.gov.mm) တွင် လေ့လာဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များသည် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက် မြန်မာစံတော်ချိန် ၀၀း၀၁ နာရီမှ စတင်အသက်ဝင်ဖြစ်ပြီး “ နိုင်ငံတကာပုံမှန်လေကြောင်းခရီးသွားများ၊ ရေကြောင်း ခရီးစဉ်များနှင့် နယ်စပ်ဝင်ထွက်ဂိတ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၉-၂၀၂၃)” ကို အစားထိုးမည်ဖြစ်ကြောင်း ထုတ်ပြန်ထာသည်။ အဆိုပါ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲမှုရှိနိုင်ခြင်းဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၉-၂၀၂၃) တွင်မူ ခရီးသွားများအနေဖြင့် ကျန်းမာရေးကြေညာချက် (Health Declaration Form) ကို မြန်မာနိုင်ငံသို့ ဆိုက်‌ရောက်ချိန်တွင် သက်ဆိုင်ရာ ဝင်/ထွက်ဂိတ်များရှိ ကျန်းမာရေးအရာရှိထံ တင်ပြရမည်ဖြစ်ပြီး ကိုဗစ်-၁၉ လက္ခာများအား တွေ့ရှိပါက RDT နည်းဖြင့် စစ်ဆေး၍ ရောဂါတွေ့ရှိပါက ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်းသီးခြားခွဲထားရမည်ဟု ပါရှိပြီး ယခုထုတ်ပြန်ချက်အသစ်တွင် အဆိုပါအချက်များ ပါဝင်လာခြင်းမရှိသည်ကို တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News