၂၈.၂.၂၀၂၄
Written by Hey Mar

မိတ္တီလာ-မလှိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံးကာ နောက်ကနေ စီးနင်းလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့လယ် ၁၁ နာရီကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံက သိရပါတယ်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မိတ္တီလာ-မလှိုင်ကားလမ်း ထွန်းညိုလူစစ်ဆေးရေးဂိတ်အလွန်မှာ ဖြစ်ပွားခဲ့ပြီး မလှိုင်မြို့ဘက်ကနေ မိတ္တီလာမြို့ဘက်ကို မောင်းနှင်လာတဲ့ဆိုင်ကယ်နဲ့ ဆန့်ကျင်ဘက်လားရာကနေ မောင်းနှင်လာတဲ့ သာသနာအမှတ်တံဆိပ်ယာဉ်ဖြစ်တဲ့ နံပါတ်ပြားအဝါတပ်ဆင်တဲ့ကားတို့ တိုက်မိရာက ဆိုင်ကယ်မောင်းနှင်သူ အသက် ၂၀ ကျော် မိတ္ထီလာတက္ကသိုလ် အဝေးသင်ကျောင်းသားမောင်ဟိန်းမင်းဖြိုးဟာ ရရှိတဲ့ဒဏ်ရာတွေကြောင့် အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဝန်းဇင်းလူငယ် လူမှုကူညီရေးအသင်းကနေသိရပါတယ်။

“’တိုက်ရတဲ့ဖြစ်စဉ်က ဆရာတော်ကိုယ်တိုင်မောင်းလာတဲ့ကားက သူ့ရှေ့ကဆိုင်ကယ်ကိုကျော်တက်ရင်း တစ်ဖက်လမ်းကြောရောက်ပြီး တစ်ဖက်က ကလေးတွေရဲ့ ဆိုင်ကယ်ကို တိုက်တာပါ။ မောင်ဟိန်းမင်းဖြိုးက နေရာတင်သေတယ်။ သူ့ရဲ့ ဆိုင်ကယ်နောက်ကနေ လိုက်ပါစီးနင်းလာတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး မတင်နေခြည်ကျော်မှာက ပေါင်ရိုးကျိုးဒဏ်ရာ၊ လက်ကောက်ဝတ် ထိခိုက်ဒဏ်ရာတွေ ရထားတယ်။ အသက်တော့ ရှိသေးတယ်။ သတိမရတော့ဘူး။ အနီရောင်အဆင့်လူနာအနေနဲ့ မိတ္ထီလာဆေးရုံကြီးဆီတင်ပို့တာမှာ နေပြည်တော် ကုတင်(၁၀၀၀) ကို ထပ်လွှဲလို့ လိုက်ပို့ထားပါတယ်” လို့ MT News ကိုပြောပါတယ်။

သေဆုံးသူရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတို့ကို ဝန်ဇင်းလူငယ်လူမှုကူညီရေး ပြည်သာယာလူငယ်လူမှုကူညီရေး အသင်းယာဥ်၊ ပြည်သာယာလူငယ် လူမှုကူညီရေးယာဉ်တွေနဲ့ မိတ္တီလာပြည်သူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး ယာဥ်တိုက်မှုဖြစ်စဥ်ကို နယ်မြေခံရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *