၂၈. ၂. ၂၀၂၄
Written by Thettant

သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်  မိုင်တိုင်အမှတ် (၁၃၅/၇)နဲ့ (၁၃၆/၀)​ကြား ဖရဲသီးဆိုင်တန်းနားက ကျိုက္ကော် – မိုးကောင်း တံတားငယ်တစ်စင်းကို ဒီနေ့မနက် ၂ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတာကြောင့် တံတားတစ်စင်းလုံး ကျိုးပဲ့သွားတာကြောင့် ယာဥ်ကြီးတွေ သွားလာမရဖြစ်နေတယ်လို့ ကနဦး သိရပါတယ်။

“ရန်ကုန်ကနေအလာ မော်လမြိုင်ဘက်ခြမ်း ဘီးလင်းကနေစပြီးတော့ ကားကြီးတွေ ရပ်ထားပါတယ်။ ချောင်းဖြတ်တဲ့ ကျိုက္ကော်တံတား မိုင်းခွဲခံရပြီး ပျက်စီးနေလို့ သွားမရလို့ပါ” လို့ ကုန်တင်ယာဥ်မောင်းနှင်သူတစ်ဦးက ပြောပါတယ်။

တံတားက ချောင်းဖြတ်တံတားငယ်တစ်ခုဖြစ်ပြီး ဖောက်ခွဲမှုကြောင့် ကားလမ်းပြတ်တောက်သွားပေမဲ့ ကားငယ်အချို့ကတော့ ရွာလမ်းကပတ်ပြီး ဖြတ်သန်းနေပေမဲ့လည်း ကားကြီးတွေ သွားလာမရတာကြောင့် လမ်းဘေးဝဲယာမှာရပ်ဆိုင်းထားပြီး လာရောက်ပြုပြင်မှာကို စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

ဒီ ဗုံးဖောက်ခွဲဖျက်ဆီးမှုကို KNU နဲ့ PDF တွေ ကျုးလွန်တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လမ်းဘေးဘယ်ညာအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့သလို သာမန်ပြည်သူတစ်ဦး​ဖြစ်တဲ့ ကိုဖြိုးဝေအောင်ဆိုသူ လည်ပင်းဗုံးစမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့လို့ သထုံခရိုင်ဆေးရုံ တက်ရောက်ကာကုသနိုင်​ရေး ပို့ဆောင်ပေးထားတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေက ရေးသားထားပြီး KNU နဲ့ PDF တွေကတော့ ငြင်းဆိုထားမှု မရှိပါဘူး။ (ဓာတ်ပုံ – လူမှုကွန်ရက်)

Leave a Reply

Your email address will not be published. Required fields are marked *