မင်းတုန်းမင်းတြားကြီးကုသိုလ်တော် သမိုင်းဝင် ကျွန်းကျောင်းတော်ကြီးရှေးမူမပျက်ပြုပြင်ပြီးစီးမှု အထိမ်းအမှတ် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနား မန္တလေးတွင် ကျင်းပခဲ့

၂၀. ၂. ၂၀၂၄
Written by Naing Thuta

မန္တလေးမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနတင် မင်းတုန်းမင်းတြားကြီး ကုသိုလ်တော် ရှေးဟောင်းသမိုင်းဝင်ရွှေကျင် ကျွန်းကျောင်းတော်ကြီး ရှေးမူမပျက်ပြုပြင်ပြီးစီးမှု အထိမ်းအမှတ် ရေစက်ချ အလှူတော်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့  နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ ဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကျောက်မဲမြို့သီဟိုဠ် ပရိယတ္တိစာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရနှင့် ရွှေကျင်ဂိုဏ်းမှ ဆရာတော် သံဃာတော်များ၊ ထိုင်းနိုင်ငံ Pathum Thani ပြည်နယ်၊ Khlong Luang District ရှိ (Wat Phra Dharmmakaya) ဓမ္မကာယ ကျောင်းတိုက်မှ ဆရာတော် Doctor Phorn Chi နှင့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

သမိုင်းဝင် ကျွန်းကျောင်းတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်က မင်းတုန်းမင်းတြားကြီးမှ ဆောက်လုပ်ခဲ့ပြီး ပထမရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးအား လှူဒါန်းခဲ့ခြင်း ဖြစ်သသည်။ ယခုအခါတွင် ထိုင်းနိုင်ငံမှ အလှူရှင်များက မတည်လှူဒါန်းကာ မြန်မာနိုင်ငံမှ အလှူရှင်များကလည်း ပါဝင်ကုသိုလ်ပြု၍ ရှေးမူမပျက် ပြန်လည်ပြုပြင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

ထိုအလှူတော် မင်္ဂလာအခမ်းအနားသို့ ထိုင်းနိုင်ငံမှ ကုသိုလ်ရှင် သိရိဥပါသိကာ ကျောင်းအမမှ ဘုရားရှင်လက်ထက်တော်အခါက ဝိသာခါ ကျောင်းအမကြီးဝတ်ဆင်ခဲ့သော မဟာလတာတန်ဆာတော်အား ပုံဖော်၍ ရွှေစင် ၈ ပိဿာရှိသောဝတ်စုံတော်ကို ဝတ်ဆင်ကာ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရအား ကပ်လှူမည့် သင်္ကန်းတော်ကို ပင့်ဆောင်ခဲ့ပြီး ဆပ်ကပ်လှူဒါန်းခဲ့သည်။

မဟာလတာတန်ဆာ ဝတ်စုံတော်ကို ဝတ်ဆင်သည့်အခါတွင် တော်ရုံ အမျိုးသမီးက ဝတ်ဆင်၍မရဘဲ ဘုန်းကံရှင်အမျိုးသမီးများမှသာ ဝတ်ဆင်နိုင်သည်ဟု ရာဇဝင်ကျမ်းဂန်မှတ်တမ်းများအရ သိရှိမှတ်သားခဲ့ရသည်။

ယင်းအခမ်းအနားတွင် မဟာလတာတန်ဆာ ဝတ်စုံတော်ကို ပုံဖော် ဝတ်ဆင်ခဲ့သူသည် “မြိတ်”မျိုးနွယ်ဖွားဖြစ်ပြီး ​ကော့သောင်းမြို့က “ဖြိုးဖြိုး မိုးမိုး တိုးတိုး စိုးစိုး”ရွှေဆိုင်ပိုင်ရှင်၏ သမီး ၄ ယောက်အနက်မှ သမီးကြီး မဖြိုးဖြိုး ဖြစ်ကာ ယခုလက်ရှိတွင် ထိုင်းနိုင်ငံတောင်ပိုင်း၌ နေထိုင်သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *