၂၀. ၂.၂၀၂၄
Written by Hey Mar

မနေ့က တစ်နေ့တည်း ရန်ကုန်မြို့ရဲ့ Down- town ဧရိယာထဲမှာ အာဟာရပြတ် အိမ်ခြေမဲ့ သေဆုံးသူရုပ်အလောင်း လိုက်လံကောက်ယူရတဲ့ဖြစ်စဥ် နှစ်ခုရှိခဲ့ပြီး နာမကျန်းအိမ်ခြေမဲ့တွေကို လမ်းဘေးတွေမှာ ဘတ်စ်ကားမှတ်တိုင်တွေမှာ တွေ့ရှိတဲ့ ဘေးပတ်ဝန်းကျင်ကလည်း လာရောက်ခေါ်ယူ စောင့်ရှောက်ပေးဖို့ ဖုန်းဆက်အကူအညီတောင်းတာတွေ ဒီရက်ပိုင်းထဲ လက်ခံဖြေကြားနေရတယ်လို့ လင်းလက်လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ မလင်းလက်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနက်အစောပိုင်းက အိမ်ခြေမဲ့ အသက် (၇၀)အရွယ် အမျိုးသားကြီးတစ်ဦးရဲ့ ရုပ်အလောင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက် ကမ်းနားလမ်းမပေါ်မှာ လင်းလက် လူမှုကူညီရေးအသင်းက သွားရောက်ကူညီသယ်ဆောင်ပေးခဲ့ရပြီး ညနေပိုင်းမှာလည်း လမ်းမတော်မြို့နယ် ကမ်းနားလမ်း၊ ကျောက်လမ်းမပေါ်မှာ သေဆုံးတဲ့ အမျိုးသမီးအလောင်းကို ထပ်မံ သယ်ဆောင်ကာ ရန်ကုန်ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့ သိရပါတယ် ။

“အမျိုးသမီးက နာမကျန်းတဲ့ ဒဏ်ရော၊ အာဟာရပြတ်တဲ့ ဒဏ်ရောကြောင့် ရုပ်ခန္ဓာကြည့်ပြီး အသက်ကို ခန့်မှန်းဖို့တော့ ခက်တယ်။ Wheelchair နဲ့ လာပစ်သွားတာ။ ထိုင်လျက်ပဲ သေဆုံးနေတာ။ ဘေးနီးဘေးနားက လူတွေ ပြောတာလည်း နေ့ခင်းလောက်မှ အဲ့ဒီ့ အလောင်းကို တွေ့ကြတယ်ပဲ ပြောတယ်။ အဲ့ဒီနားမှာ အိမ်ခြေမဲ့နေတာမဟုတ်လောက်ဘူး။ ပစ်သွားပုံရပါတယ်”လို့ လင်းလက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌမလင်းလက်က ဆိုပါတယ်။

ရန်ကုန်မြို့မှာ သက်ကြီးရွယ်အို စွန့်ပစ်မှုတွေ၊ နာမကျန်း မသန်စွမ်း စွန့်ပစ်မှုတွေ များပြားလာနေပြီး၊ ပရဟိတ အသင်းအဖွဲ့တွေက သန်လျင်မြို့မှာရှိတဲ့ သဘာဝတရားရိပ်သာနဲ့ ရွှေသန်လျင် ရိပ်သာတွေဆီ အလျင်းသင့်သလို ပို့ဆောင်ပေးရတာတွေ ရှိနေတယ်လို့ သိရပါတယ်။ အခု နှစ်စမှာတင် သဘာဝတရားရိပ်သာမှာ ခိုလှုံသူ ၃၀ ဝန်းကျင်ခန့်နဲ့ ၊ ရွှေသန်လျင်ရိပ်သာဆီ ရောက်ရှိလာတဲ့ နာမကျန်း ဆေးကုသပေးရသူ ၁၇ ဦး ရှိနေပြီလို့ စာရင်းတွေအရ သိရပါတယ်။

လင်းလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက” အသင်းတွေဆီ ဖုန်းတွေက စွန့်ပစ်နာမကျန်း လာကူပေးဖို့ တောက်လျှောက်ဝင်နေတာပဲ။ ဘတ်ဂျက်ကို ချိန်ပြီး သွားနိုင်တဲ့ တာဝန်ယူနိုင်တဲ့ အသင်းက သွားလိုက် ကူလိုက်တာပဲ။ ကျွန်မတို့လည်း တစ်နေကုန်တောက်လျှောက် ထွက်နေရတော့ ဆီဖိုး ပြင်ဆင်စရိတ် စေတနာ့ဝန်ထမ်းတွေကို ထမင်းကျွေးပေးရတာလေးတွေ ဒါတွေက မြင့်တက်နေတာမို့ ကြိုးစားကူနေရတဲ့အနေအထားဖြစ်နေတယ်” လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *