၂၀. ၂. ၂၀၂၄
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ အသက် ၆၀ ဝန်းကျင်ရှိ နာမကျန်းဝေဒနာနဲ့ စိတ်ကျန်းမာရေးဝေဒနာ ခံစားနေရတဲ့ အမျိုးသားကြီးတစ်ဦးကို ကားမှတ်တိုင်အတွင်း မနေ့က ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က ချထားခံခဲ့ရပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်အစောပိုင်းမှာ သေဆုံးသွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ရင်ခုန်သံရှင်သန်ရေး နာရေးကူညီမှုအသင်း (အုတ်တွင်း)က MT News ကို ပြောပါတယ်။

လာရောက် ပစ်ချခဲ့တဲ့ ကားက လူနာတင်ယာဥ် အံစာတုံးအဖြူရောင်လို့သာ သိရှိရပြီး ဘာလူမှုကူညီရေး အမှတ်တံဆိပ်မှလည်း ကပ်ထားတာ မရှိဘူးလို့ မျက်မြင်တွေ့ရှိတဲ့ ဘေးပတ်ဝန်းကျင်ကသူတချို့ကဆိုကြောင်း သိရပါတယ်။

“သူတို့ကပစ်ချသွားတာ။ ဆေးရုံက လူနာတင်ယာဥ်လို့ ပြောတော့ ကျွန်တော့်တို့က ဒီလိုပြောလို့မရဘူး မှတ်တမ်းမှတ်ရာရှိလားပြန်မေးရတယ်။ အခု သိထားရတာတော့ တောင်ငူဘက်က လာချသွားတာလို့ သိရတယ်။ ဘယ်အသင်းအဖွဲ့ကပဲ ဖြစ်ဖြစ် လူတစ်ယောက်ကို လူသားချင်းစာနာထောက်ထားမှုမဲ့စွာ အခုလို လုပ်တာ ရှုတ်ချပါတယ်” လို့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။

မနေ့က သတင်းရရချင်း အဆိုပါ အမျိုးသားကြီးကို သွားရောက်ကူညီခေါ်ဆောင်ပေမယ့် အသင်းသားတွေကို ကဏ္ဍကောဇတိုက်ကာ မလိုက်လိုဘူး ငြင်းဆန်နေတာကြောင့် စားရေရိက္ခာ ဖြည့်ဆည်းပေးပြီး နေရာမှာပဲ ထားခဲ့ရကြောင်း၊ သက်ဆိုင်ရာအဖွဲ့ထံ အကြောင်းကြားပြီး သက်ဆိုင်ရာက ဆောင်ရွက်ခိုင်းမှသာ အတင်းအကြပ်နေရာရွှေ့ဖို့ ဆောင်ရွက်နိုင်မှာမို့ အကူအညီတောင်းထားစဥ်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“စိတ်တော့တကယ်မကောင်းဘူး။ ချခဲ့တဲ့ လူနာတင်ယာဥ်ဆိုတာကိုပဲ တကယ်အံ့သြတယ်။ မကူညီနိုင်ရင် အစကတည်းက မကူညီပါနဲ့လား။ ကူညီပြီးမှတော့ သေချာ တာဝန်ယူသင့်တယ်။ လမ်းဘေးပစ်ချခဲ့မယ့်အစား အသင်းအဖွဲ့ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်လို့ရတယ်။ အခုကြ လူနာက ကားပေါ်ကို ဘယ်လိုမှ တင်လို့မရတော့တာ။ ငါ့ကား ငါစီးနိုင်တယ်။ သူများကားလည်း ပိုက်ဆံပေးတာ အလကားမစီးဘူး။ ဘယ်ကားမှ မစီးဘူး ဆိုပြီး စိတ်ဒဏ်ရာပါပေါင်းပြီး ရန်တွေလုပ်တယ်။ ကျွန်တော်တို့ သူစိတ်ချမ်းသာသလို ခေတ္တနေပါစေဆိုပြီး မနက်မှ ဆောင်ရွက်မယ်လို့ အချိန်ယူလိုက်တာ အခု သေဆုံးသွားလို့ PR နဲ့ ရင်ခွဲရုံ ပို့လိုက်ရတယ်”လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *