MT News

Written By Naddy

ဒီဇင်ဘာ၂၂ ရက်တွင် ထုတ်လွှင့်ပြသမည့် “ကွက်လပ်မရှိ”ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် ပိုးကြာဖြူခင်အား ကလေးအမေကာရိုက်တာဖြင့် မြင်တွေ့ရမည်ဖြစ်သည်။

“ဒီဇာတ်လမ်းက အိမ်ထောင်ရေး ဇာတ်လမ်းလည်း ဖြစ်တယ်။ ကလေးလေးရဲ့ အမေနေရာက ပါဝင်ရတယ်။ ကိုယ်ရိုက်နေကျ ကာရိုက်တာ မဟုတ်တော့ စစရိုက်တုန်းကတော့ ကာရိုက်တာ ဝင်အောင် မနည်းကြိုးစားရတယ် ။ ဒါပေမယ့် ရိုက်နေရင်းနဲ့တော့ အဆင်ပြေလာပါတယ်။ အဓိကကတော့ ကလေးနဲ့ အပေးအယူမျှဖို့ တော်တော်လေးကြိုးစားရတယ်။ နောက်တစ်ခုက အဲဒီဇာတ်လမ်းတွဲရိုက်နေတုန်း ဝိတ်တွေအများကြီး တက်သွားတယ်။ အဲဒီ ဇာတ်လမ်းရိုက်တုန်းက ရှုတင်မှာလည်း သူငယ်ချင်းတွေကလည်း အရမ်းခင်ကြတယ်။ ရှုတင်ထမင်းတွေမစားချင်ဘူးဆိုပြီး ချက်စားကြတော့ ဝလာတာပါ။ ကလေးအမေလုပ်ရတဲ့ ကာရိုက်တာဆိုတော့ ရတယ် ငါဝလည်း ဘာမှမဖြစ်ဘူးဆိုပြီးတော့ ခန္ဓာကိုယ်က တော်တော်ကြီးသွားတယ်။ ပြီးတော့မှ မရတော့ဘူး ငါပြန်လျော့မှ ရတော့မယ်ဆိုပြီးတော့ တွေးမိသွားပြီး ၁၅ ပေါင်ပြန်လျော့ရတာပါ။ အခုကပေါင်ချိန် ၁၅ ပေါင်လောက် ပြန်ချထားတာပါ”ဟု သရုပ်ဆောင် ပိုးကြာဖြူခင်ကပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲကို ဝတ္ထု လယ်တွင်းသားစောချစ်၊ ဇာတ်ညွှန်း ဟိန်းဇော်ဦး၊ အေးချမ်းမွန် ၊ ယမင်းဖြိုးဝေတို့က ရေးသားထားပြီး ဒါရိုက်တာ ပြည်သစ်နိုင်က သရုပ်ဆောင်များဖြစ်သော ကျော်ထက်ဇော်၊ ရှင်မွှေလ ၊ နေလင်းရှိန်း၊ အလင်းသစ်၊ ပိုးကြာဖြူခင်၊ ဝိုင်းရွှေရည်၊ခိုင်နှင်းဝေ၊ သန်းသန်းစိုး၊ နန်းခမ်းဝါ၊ ရဲမွန်၊ ကလေးသရုပ်ဆောင် ဖြိုးခန့် စသည့် အနုပညာရှင်များပါဝင်သရုပ်ဆောင်ထားကြသည်။

“ဒီကားက ဝတ္ထုကို ပြန်ရိုက်ထားတာဖြစ်တော့ ရင်တုန်တယ်။ တော်တော်များများ ဝတ္ထုကို ဇာတ်လမ်းတွဲပြန်ရိုက်ရင် ဝတ္ထုကို မမှီမှာလည်း ကြောက်တယ်။ ကိုယ့်သရုပ်ဆောင်တဲ့ ပုံစံကို ပရိသတ်မကြိုက်မှာဆိုးလို့ အရမ်း ကြိုးစားရတယ်။ တကယ့်ကို အရမ်းငိုရ၊ ရန်ဖြစ်ရတာမျိုးတွေဆိုတော့ ကိုယ့်အတွက်က တော်တော်လေးကို အားထည့်ပြီး သရုပ်ဆောင်ထားရတယ်။ တချို့ ဇာတ်ဝင်ခန်းတွေဆိုရင် “ကတ်”ဆိုပြီးတော့ ဒါရိုက်တာက အော် လိုက်တာတောင်ကိုယ်က ရပ်လို့မရသေးဘူး။ ရှုတင်ပြီးလို့ အိမ်ကို ပြန်ရောက်ရင် ရင်ဘတ်တွေအောင့်တဲ့အထိကို ပင်ပန်းခဲ့တယ်”ဟု သူမဆက်လက်ပြောသည်။

ယင်းဇာတ်လမ်းတွင် သူမ၏ သရုပ်ဆောင်မှုများအား ယခင်မြင်တွေ့နေကျ ကာရိုက်တာပုံစံမျိုးနှင့် မတူညီ သည့် ပုံစံမျိုးဖြင့်မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

ထိုဇာတ်လမ်းတွဲကို MRTV- 4 Channel မှ ဒီဇင်ဘာ ၂၂ရက် ည ၇နာရီတွင် စတင်ပြီး (တနင်္လာမှသောကြာနေ့) အထိ အပတ်စဉ်ပြသမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *