MT News
၁၇. ၂. ၂၀၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က မအီမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်ကနေ စစ်ကူလာတဲ့ တပ်ယာဉ်တန်းကို ရခိုင်လက်နက်ကိုင် AA က မိုင်းခွဲတိုက်ခိုက်ခဲ့မှုတွေလည်း ရှိခဲ့ပြီး လက်ရှိမှာ တံတားနှစ်စင်းကျိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

မအီတံတားဟာ မနေ့က ညနေ ၃ နာရီခွဲလောက်မှာ တံတားအလယ်က ထက်ပိုင်းကျိုးကျသွားခဲ့တာဖြစ်သလို ကျောက်ဖြူ – မအီလမ်းပိုင်းက ကျောက်ကြီးပေါက်တံတားက ဒီမနက် ၂ နာရီခန့်မှာ ထက်ပိုင်းကျိုးသွားခဲ့တာပါ။ ဒီတံတားနှစ်ခုစလုံးဟာ ပေ ၁၀၀၀ ကျော်စီရှည်ပြီး တောင်ကုတ်-အမ်း-စစ်တွေ ကားလမ်းမပေါ်မှာရှိသလို အမ်းကနေ တောင်ကုတ်မြို့ဘက်ကို လာတဲ့အခါ မဖြစ်မနေ အသုံးပြုရတဲ့ တံတားတွေဖြစ်တာကြောင့် ဒီလိုပျက်စီးတဲ့အခါမှာ ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ အပါအဝင် ရမ်းဗြဲ၊ တောင်ကုတ် စတဲ့ မြို့တွေကူးသန်းသွားလာရေးပြတ်တောက်သွားတယ်လို့ သိရပါတယ်။

မအီမြို့က တပ်စခန်းတွေကို AAက ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်တာကြောင့် နေ့လယ်မှာ ကလေးငယ်တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်အချို့၊ နိုင်ငံ့ဝန်ထမ်းအချို့ကို ရဟတ်ယာဥ်နဲ့ လာကယ်ထုတ်တဲ့ရုပ်သံလည်း ပျံ့နှံနေပါတယ်။

ဒီလို တံတားနှစ်စင်းချိုးဖျက်ခံရတာနဲ့ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲနေကြသလို MT News အနေနဲ့လည်း ဒီတံတားနှစ်စင်းကျိုးသွားကြောင်းသာ အတည်ပြုနိုင်ပြီး ဘယ်အဖွဲ့က တံတားဖျက်ဆီးတယ်ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

ပုံစာ။ ကျိုးကျသွားသော မအီတံတားနှင့် ကျောက်ကြီးပေါက်တံတား မြင်ကွင်း(Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *