ကော်မတီ၏ သတိပေးမှုနှင့် နိုင်ငံခြားငွေဈေး ပြောင်းလဲမှုများကြောင့် EV ကို ကြိုပွိုင့်ရောင်းချမှု မရှိသလောက် နည်းပါးလာဟု ဆို

၁၇. ၂. ၂၀၂၄
Written by Ye Kyaw

လျှပ်စစ်သုံးယာဉ် (EV) များကို အမြတ်ငွေ ၂၀ ရာခိုင်နှုန်းထက် ပိုမိုမရောင်းချရန်နှင့် မော်တော်ယာဉ် ရောက်ရှိခြင်းမရှိဘဲ ကြိုပွိုင့်များဖြင့် ရောင်းချပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းမည့်အပြင် စားသုံးသူရေးရာဥပ‌ဒေနှင့်ပါ အရေးယူမည်ဖြစ်ကြောင်း EV သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထပ်မံသတိပေး ထုတ်ပြန်ထားသည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်သုံးယာဉ်များအား လူမှုကွန်ရက်များတွင်လည်းကောင်း၊ Show Room များတွင်လည်းကောင်း Pre Order ဖြင့် ရောင်းချနေကြောင်း သိရှိရ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီက ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ထားပြီး လက်ရှိတွင် EV သတင်းမှန်ထုတ်ပြန်ရေးမှ ထပ်မံသတိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ်များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် ၂၀ ရာခိုင်နှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်းမပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်းမရှိဘဲ Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ အထက်ပါ တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူ‌ရေးရာ ဥပဒေအရ အရေးယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

“သတိပေးစာကတော့ မနှစ်ကတည်းက ထုတ်ပြီးသား။ ဒီနှစ်ကို Remind ပြန်လုပ်တာပေါ့။ ကြိုရောင်းတာ မရှိသလောက်နည်းသွားပြီ။ အားလုံးနီးပါးလောက်ကလည်း FESC ကနေပြီး ဖြတ်တော့ နည်းနည်းလေး Waiting-List တွေ များတာပေါ့လေ။ ရောက်တဲ့အချိန်မှာနဲ့ ကိုယ့်ဟာကို ကိုယ့်ပိုက်ဆံနဲ့ Investment နဲ့ပဲ ကိုင်ရောင်းတဲ့သူက များသွားပြီ။ ရောက်တဲ့အချိန်မှာလည်း နိုင်ငံခြားငွေဈေးနှုန်းလည်း အပြောင်းအလဲဖြစ်သွားတော့ တော်ရုံလူကလည်း ကြိုမရောင်းကြတော့ဘူး။ ရောက်မှပဲ ရောက်တဲ့ဈေးနဲ့ ရောင်းကြတာ။ ကော်မတီကလည်း သတိပေးထားတယ်။ နိုင်ငံခြားငွေဈေး အပြောင်းအလဲကြောင့် ဈေးနှုန်း အပြောင်းအလဲရှိလာတာကြောင့် Pre Order နဲ့ ရောင်းတဲ့စနစ်က မရှိသလောက် ပျောက်သွားပါပြီ” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က ပြောသည်။

ယခုဖေဖော်ဝါရီ ၁ ရက်မှစတင်၍ Brand Showroom ဖွင့်လှစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ကုမ္ပဏီများကိုသာ EV ကားများအတွက် သွင်းကုန်လိုင်စင်ချပေးမည်ဖြစ်ကာ လက်ရှိအချိန်အထိ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီ ၈၃ ခုအထိ ခွင့်ပြုပေးထားကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်‌ရေးကော်မတီ၏ EV သတင်းမှန်ထုတ်ပြန်ရေးမှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *