MT News
၁၇. ၂. ၂၀၂၄
အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် (၁၃) ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမိန့်ကြေညာချက် အမှတ် (၁/၂၀၂၄) နဲ့ ဖေဖော်ဝါရီ (၁၆) ရက်မှာ အမိန့်ထုတ်ပြန်ဖွဲ့စည်းလိုက်ပါတယ်။
ဒီအဖွဲ့မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြှး မြန်မာ နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌက ဒုတိယ ဥက္ကဋ္ဌ (၁)၊ စစ်ရေးချုပ်(စစ်ရေးချုပ်ရုံး) က ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ စစ်ဦးစီးအရာရှိချုပ် (လေ)၊ တွဲဘက်စစ်ရေးချုပ်၊ တွဲဘက်စစ်ထောက်ချုပ်၊ ဒုတိယ စစ်ရာထူးခန့်ချုပ်၊ တွဲဘက်စစ်ဥပဒေချုပ်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံးက ညွှန်ကြားရေးမှူးက အတွင်းရေးမှူးနဲ့ တပ်မတော်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးတို့က တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၈/၂၀၁၀ နဲ့ ပြဋ္ဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ဥပဒေဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစတင် အာဏာတည်စေရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က အတည်ပြုကြေညာခဲ့ပြီး အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှူထမ်းတစ်ဦးဟာ စစ်မှူထမ်းခြင်းက မိမိဆန္ဒအလျောက်နုတ်ထွက်တဲ့ ဒါမဟုတ် အငြိမ်းစားယူခွင့်ရှိသည့်နေ့ကနေ ငါးနှစ်အထိ အရန်တပ်ဖွဲ့မှာ စစ်မှူထမ်းဖို့တာဝန်ရှိသလို အဲဒီကာလထက်ပိုကျော်လွန်ပြီးလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးနိုင်ပြီး ဒီဥပဒေပါအရ စစ်မှူထမ်းဖို့ ဆင့်ခေါ်ချိန် ပျက်ကွက်မယ်ဆို သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်မှာပါ။


