၁၆. ၂. ၂၀၂၄
Written by Nyein Kyaw

စိုက်ပျိုးရေးကဏ္ဍတွင် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီသည့်ထွက်ရှိမှုများသည် မိမိတို့အတွက် အနုတ် လက္ခဏာပြနေသည်ကို သတိပြုမိကြရန်လိုပြီး တစ်ဧကအထွက်နှုန်း တိုးမြှင့်နိုင်ရေးသည် အဓိကထား ဆောင် ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲတွင် မှာကြားခဲ့သည်။

စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော မျိုးကောင်းမျိုးသန့် ရရှိအောင် ဆောင်ရွက်ရန်၊ မြေကို စနစ်တကျ ပြုပြင်ဆောင်ရွက်ရန်၊ အောင်ရေရရှိရန်၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရန် အဓိကကျကြောင်း၊ လက်ရှိဆီထွက်သီးနှံစိုက်ဧကများသည် လုံလောက်သည့် အနေအထားတွင်ရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သီးထပ်စွမ်းအားများ ကောင်းမွန်စေရေးအတွက်လည်း တူညီသည့် ရာသီဥတုတွင် လိုအပ်သည့် သွင်းအားစုများရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန်လိုပြီး အခြားနိုင်ငံများ၏ စိုက်ပျိုးရေးတွင် အောင်မြင်စွာ ဆောင်ရွက်နေကြသည့် နည်းပညာများကိုလည်း အတုယူ ဆောင်ရွက်ကြရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များအား စနစ်တကျ ပြုပြင်ထားသည့် မြေတွင်မြေဩဇာ ပြည့်မီစွာထည့်သွင်းခြင်း၊ အောင်ရေရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ပြည့်မီလာနိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ နွေရာသီကာလ၌ ရေရရှိရန်အခက်အခဲရှိသည့် ဒေသအချို့လည်းရှိကြောင်း၊ ထိုကဲ့သို့ အခက်အခဲရှိသည့် ဒေသများ၌ ဆိုလာကို အသုံးပြု၍ မြစ်ရေတင်ခြင်းများ၊ ရေရနိုင်သည့် အရင်းအမြစ်များမှ ရေသွင်းစိုက်ပျိုးခြင်းတို့ဖြင့် ဆောင် ရွက်မည်ဆိုပါက စိုက်ပျိုးရေနှင့် အောင်ရေကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြား သည်။

စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးသည်လည်း စိုက်ပျိုးရေလုပ်ငန်းများ ဆောင်မြင်ရေးအတွက် အဓိကကျကြောင်း၊ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီသည့် ထွက်ရှိမှုများသည် မိမိတို့အတွက် အနုတ်လက္ခဏာပြနေသည်ကို သတိပြုမိကြရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် ပတ်သက်ပါက တစ်ဧက အထွက်နှုန်းတိုးမြှင့်နိုင်ရေးသည် အဓိကထား‌‌ ဆောင်ရွက်ကြရမည့် လုပ်ငန်းအဖြစ် မှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

သီးနှံများအနက် စပါးစိုက်ပျိုး၍ရသည့် မြေနေရာသည် အခြားသီးနှံများလည်း အောင်မြင်စွာ ဖြစ်ထွန်းသည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးသည့် မြေနေရာများ၌ ရာသီဥတုအရ၊ မြေအခြေအနေအရ သင့်လျော်ကိုက်ညီသည့် သီးထပ်သီးနှံများကိုလည်း စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ တက်လာနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *