၁၅. ၂. ၂၀၂၄
Written by Ye Kyaw

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်စီစဉ်မှု၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် ကုန်စည်ဒိုင်များ၊ ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ပြည်တွင်း ဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိစေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပူးတွဲဖော်ပြပါ ဆန်လက်လီအရောင်းဆိုင် (၅၈) ဆိုင်မှတစ်ဆင့် ဖေဖော်ဝါရီ ၁၆ ရက်(မနက်ဖြန်) မှစတင်၍ စားသုံးသူ ပြည်သူများထံ ဝယ်ယူသူတစ်ဦးလျှင် ဧည့်မထဆန် (၁၅%) Reasonable Well Milled 15% White Rice ဆန် (၂) ပြည်နှုန်းဖြင့် တစ်ပြည်လျှင် ကျပ် ၃၃၀၀ ဖြင့် တိုက်ရိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရောင်းချပေးမည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မှော်ဘီမြို့နယ်၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ အင်းစိန် စသည့် ၁၈ မြို့နယ်တို့တွင် ရောင်းချ‌ပေးသွားမည်ဖြစ်သည်။

အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလားတူအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစီစဉ်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအတွက် လိုအပ်ချက်များရှိပါက ကုန်စည် ဒိုင်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ တိုက် ရိုက်ဆက်သွယ်ဝယ်ယူနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ဖေဖော်ဝါရီ ၁၄ ရက် (ယမန်နေ့) ထုတ်ပြန်ချက်အရ ဧည့်မဆန်ကြမ်းအသစ် တစ်အိတ်လျှင် ကျပ် ၈၂,၀၀၀ မှ ကျပ် ၈၄,၀၀၀ ရှိသည့်အတွက် တစ်ပြည်လျှင် ကျပ် ၃၅၀၀ ဝန်းကျင်ရှိပြီး ဧည့်မထဆန်ကြမ်း (၂၅%) တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ မှ ကျပ် ၇၇,၀၀၀ ကျပ် ရှိသည့်အတွက် တစ်ပြည်လျှင် ကျပ် ၃၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ပုံစာ- ရန်ကုန်မြို့ရှိ ဆန်ကုန်စည်ဒိုင်များတွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်ရောင်းချ‌ပေးခဲ့မှုကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *