၁၁. ၂. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် ပဋိပက္ခများသည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကိစ္စများသာဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်ဆန် မာမွတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အရာတွေဟာ သူတို့နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စသာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြားလက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတယ်။ မြန်မာနိုင်ငံဘက်ခြမ်းက ပစ်လိုက်တဲ့ မော်တာကျည်ဆံတွေဟာ တစ်ခါတစ်ရံကျရောက်ခဲ့တာကတော့ အမှန်တရားပါ။ကျည်ဆံတွေကျရောက်လို့လည်း နှစ်ဦးသေဆုံးခဲ့တယ်။အဲဒီအတွက် မြန်မာသံအမတ်ကြီးကိုခေါ်ယူပြီး အပြင်းအထန်ကန့်ကွက်ခဲ့တယ်” ဟု ဒေါက်တာဟတ်ဆန်မာမွတ်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသည် ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက စစ်တကောင်းမြို့တွင် ပြုလုပ်သော ပွဲတစ်ခုအတွင်း သတင်းထောက်များကို မြန်မာနိုင်ငံနှင့်ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက “မြန်မာအစိုးရဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို ဆုတ်ခွာလာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့အခြားအစိုးရအဖွဲ့အစည်းတာဝန်ရှိသူတွေကို ပြန်လည်ခေါ်ယူဖို့ သဘောတူညီထားပါတယ်။ မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပုံမှန်ထိတွေ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်။ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်တွေကို အပြီးသတ်လုပ်ဖို့ စီစဉ်နေတယ်။ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ဆုတ်ခွာခဲ့ရုံသာမက အိန္ဒိယပိုင်နက်ထဲကိုလည်း ဆုတ်ခွာခဲ့တာမျိုးတွေရှိခဲ့ဖူးတယ်။ ဒါပေမယ့် မြန်မာအစိုးရဟာ အိန္ဒိယပိုင်နက်အတွင်း ရောက်ရှိနေတဲ့သူတွေကို ပြန်လည်ခေါ်ယူခဲ့တယ်” ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း AA လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်း ၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ဆုတ်ခွာခဲ့ရပြီး လက်ရှိတွင် ပြန်လည်ယူရေးညှိနှိုင်းဆောင်ရွက်နေသည်။

Ref risingbd

Leave a Reply

Your email address will not be published. Required fields are marked *