၄. ၂. ၂၀၂၄
Written by Nay Aung

ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးစေလိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့တွင်ကျင်းပခဲ့သော အာဆီယံ-ဥရောပသမဂ္ဂ ဝန်ကြီးများအစည်းအဝေး (AEMM)တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။

ကမ္ဘာကြီးကို စမ်းသပ်လျက်ရှိနေသည့် ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများကို ရင်ဆိုင်နေရချိန်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်အတွက် စုပေါင်းချဉ်းကပ်မှုများလုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံရှိအဖွဲ့အစည်းများကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် အသေးစားအဆင့်တစ်ခုအဖြစ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် စီစဉ်နေကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့်လည်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန်စီစဉ်နေသည့် ထိုင်းနိုင်ငံကို ကူညီထောက်ပံ့ပေးရန် မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့်လည်း မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် အဖြေရှာရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။

“အပြောင်းအလဲတွေဖန်တီးနိုင်အောင် အာဆီယံနဲ့ ဥရောပသမဂ္ဂအဖွဲ့တွေ ပူပေါင်းလုပ်ဆောင်ရမယ်။ အာဆီယံ – အီးယူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကမ္ဘာတဝှမ်းက အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကို ပြသလိုပါတယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *