၄. ၂. ၂၀၂၄
Written by Nay Aung

ပြီးခဲ့သောသီတင်းပတ်အတွင်း ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရကိုယ်စားမပြုသော ကိုယ်စားလှယ်တစ်ဦးပြန်လည်စေလွှတ်ခဲ့ခြင်းသည် အပေါင်းလက္ခဏဆောင်သော တိုးတက်မှုတစ်ခုဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးအရကိုယ်စားမပြုသောကိုယ်စားလှယ်ကို စေလွှတ်ခဲ့ခြင်းမရှိသော်လည်း လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် နိုင်ငံရေးအရကိုယ်စားမပြုသောကိုယ်စား လှယ်တစ်ဦးကို ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံခြားရေးဝန်ကြီးက ထိုင်းအစိုးရအဖွဲ့သည် နေရပ်စွန့်ခွာနေရသူ ၂ ဒသမ ၆သန်းကျော်ရှိနေသည့် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန်အတွက် ၎င်း၏အစီအစဉ်များအတိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

လာအိုနိုင်ငံခြားရေးဝန်ကြီးက”မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအငြင်းပွားမှုတွေကို တစ်ညတည်းနဲ့ ဖြေရှင်းလို့မရပေမယ့် စေ့စပ်ဆွေးနွေးမှုတွေက အဆင်ပြေကောင်းမွန်လာမယ်လို့ အကောင်းဘက်က ရှုမြင်ထားတယ်။ လိုဏ်ခေါင်းဆုံးသွားချိန်မှာ အလင်းရောင်ငယ်တစ်ခုရှိကောင်းရှိနိုင်မယ်လို့ မျှော်လင့်ထားတယ်”ဟုပြောသည်။

အာဆီယံအဖွဲ့အနေဖြင့် သဘောတူညီချက်ငါးချက်ထဲတွင်ပါဝင်နေသည့် အချက်တစ်ချက်ဖြစ်သော လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး လုပ်ငန်းများကိုတွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုထားသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်ချ်နန်ကမူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို မြန်မာကိုယ်စားပြုသူတစ်ဦးပြန်လည်တက်ရောက်ခဲ့ခြင်းက အစည်းအဝေးကို ကူညီရာရောက်ခဲ့သော်လည်း အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရန် မြန်မာနိုင်ငံဘက်ကခိုင်မာသောခြေလှမ်းများလှမ်းမည်ဟု အကောင်းမြင် မရနိုင်သေးကြောင်း ပြောသည်။

လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက် မြန်မာ့နိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်တစ်ဦးခန့်အပ်ကာ မြန်မာနိုင်ငံသို့ ဇန်နဝါရီလအစောပိုင်းတွင် စေလွှတ်၍ SAC အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစေခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *