MT News

Written by Tha Doe

ရုရှားနိုင်ငံတွင် အသုံးပြုနေသည့် MIR ငွေပေးချေကတ်အား မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် နစက၏ အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

”ငွေရေးကြေးရေးကဏ္ဍအနေနဲ့ အဓိကပြောလိုတာက ရုရှားနိုင်ငံခရီးစဥ်အတွင်း ရုရှားဗဟိုဘဏ်နဲ့ ဗဟိုဘဏ်အချင်းချင်း ဆွေးနွေးမှုတွေ ရှိပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ ရုရှားရူဘယ်လ်နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး၊ ငွေပေးချေမှုတွေကို ဆောလျင်စွာ ပေးချေနိုင်ရေးအတွက် ရုရှားနိုင်ငံက ပြုလုပ်တဲ့ MIR ကတ်ကို လျင်မြန်စွာအသုံးပြုနိုင်ရေးအတွက် ရုရှားငွေရေးကြေးရေး အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရုရှားနိုင်ငံက ငွေပေးချေမှုကတ် MIR ကတ်ကို မြန်မာနိုင်ငံရဲ့ ငွေပေးချေမှုစနစ်မှာ အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် လာမည့်နိုဝင်ဘာလတွင် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်ဆွေးနွေးပွဲရှိပြီး အဆိုပါ ဆွေးနွေးပွဲမတိုင်မီ ရုရှားနိုင်ငံ ဗဟိုဘဏ် ငွေပေးချေမှုဆိုင်ရာစာတိုပို့စနစ်၊ MIR ကတ်များ အသုံးပြုနိုင်ရေး လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News