၁၇. ၁. ၂၀၂၄

Written by Hey Mar

ဇနီးဟောင်းက ဓားနဲ့ထိုးလို့ ခင်ပွန်းဟောင်းဖြစ်သူမှာ ဓားဒဏ်ရရှိခဲ့တဲ့ဖြစ်စဥ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီနေ့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းကဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရီရပ်ကွက်၊ အောင်မင်္ဂလာလမ်းနဲ့ ရတနာပုံလမ်းထောင့်မှာ ဖြစ်ပွားခဲ့တာလို့သိရပြီး ဓားနဲ့ထိုးသူ အမျိုးသမီးက အသက် ၂၃ နှစ်အရွယ်လို့ သိရပါတယ်။

ဓားထိုးမှုကြောင့် ခင်ပွန်းဟောင်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုသန့်ခန့်မျိုး ဆိုသူဟာ ဘယ်ဘက်ဆီးခုံမှာ ထိုးသွင်းဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ဘယ်ဘက် လက်မောင်းဒဏ်ရာ တစ်ချက်နဲ့ ဘယ်ဘက်လက်ခုံမှာ ဓားခုတ်မိဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဓားဒဏ်ရာရလူနာကို မြေပြင်ရှေးဦးပြုစုကူညီတာတွေ လုပ်ဆောင်ပေးပြီး ဆေးရုံအမြန်တင်ပို့နိုင်ရေး လုပ်ပေးခဲ့ပါတယ်။ ဓားနဲ့ထိုးသူကို ဖမ်းမိ မမိ ဖြစ်စဥ်တော့ သေချာမသိရသေးပါဘူး။ သက်ဆိုင်ရာက ဆက်လက်ဆောင် ရွက်နေပါတယ်”လို့ ရာမညအရေးပေါ် လူမှုကယ်ဆယ်‌‌ရေးအသင်းရဲ့တာဝန်ရှိသူက MT News ကို ပြောပါတယ်။

အဆိုပါ ဒဏ်ရာရ အမျိုးသားကို ရာမညအရေးပေါ် လူမှုကယ်ဆယ်‌‌ရေးအသင်းယာဥ်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့​တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *