MT News
၁၆.၁. ၂၀၂၄

မြောက်ဥက္ကလာပမြို့နယ်ရှိ ဖိနပ်လုပ်ငန်းတစ်ခုမီးလောင်စဥ် MG EV ယာဥ်တစ်စီးပါ မီးလောင်သွားခဲ့ပြီး ထိုဖြစ်စဥ်တွင် MG EV ယာဥ်က စတင်လောင်ကျွမ်းခြင်းမဟုတ်ဘဲ ကူးစက်မီးမှတစ်ဆင့် MG EV ယာဥ်ပါ လောင်ကျွမ်းခံရခြင်းဖြစ်ကြောင်း တရားဝင်တင်သွင်းခဲ့သည့် MG Myanmar ကကြေညာချက်ထုတ်ပြန်သည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်း ၉ နာရီ ဝန်းကျင်ခန့်တွင် ကူးစက်မီးလောင်မှု ဖြစ်စဉ်အတွင်း MG Myanmar မှ တရားဝင်တင်သွင်းရောင်းချပေးခဲ့သော MG EV ကားတစ်စီး သည် တစ်ဆင့်ကူးစက် မီးလောင်ကျွမ်းခံခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမူ ဖြစ်စဉ်အတွင်း MG EV ပိုင်ရှင်သည် MG Myanmar ၏ သက်ဆိုင်ရာဝန်ထမ်းထံသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားခဲ့သည်။ MG Myanmar အနေနှင့်လည်း သတင်းလက်ခံရရှိပြီးသည်နှင့်တစ်ပြိုင်နက် မီးလောင်မှုဖြစ်ပွားရာနေရာသို့ သွားရောက်၍ မီးကူးစက်လောင်ကျွမ်းခံရသော MG EV ကား၏ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်ပေးပြီး အခြားလိုအပ်သည်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။

မီးလောင်ခံရသည့် MG EV ယာဉ်ပိုင်ရှင်၏ ပြောကြား အတည်ပြုချက်နှင့် မြေပြင်စစ်ဆေးမူရလာဒ်များအရ MG EV ကား လောင်ကျွမ်းခံရမှုသည် ကူးစက်မီးကြောင့်သာဖြစ်ပြီး MG EV ကား၏ အားသွင်းစနစ် (အားသွင်းနေစဉ်အတွင်း) ကြောင့်သော်လည်းကောင်း၊ နည်းပညာ ချို့ယွင်းချက်ကြောင့် သော်လည်းကောင်းတို့ကြောင့် လောင်ကျွမ်းခဲ့ခြင်း (လုံးဝ) မဟုတ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ MG EV ကြောင့် မီးလောင်ကျွမ်းသည်ဟူ၍ လူမှုကွန်ယက် Social Media များတွင် မဟုတ်မမှန်သတင်းများရေးသားပြောဆိုနေကြသည်မှာ (လုံးဝ) မှန်ကန်မှုမရှိပါကြောင်း MG Myanmar က အသိပေးပြောကြားလာပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးနစ်နာကြခဲ့သူများကို အထူးငဲ့ကွက်သောအားဖြင့် ယခုမှစ၍ မဟုတ်မမှန်သတင်းများ ဆက်လက်ရေးသားပြောဆို ဖြန့်ဝေမှုများ မပြုလုပ်ကြပါရန်လည်း MG Myanmar က မေတ္တာရပ်ခံထားသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ MT News သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်တွင်ပင် “ဖိနပ်ကော်အား ဓာတ်ဆီရော၍ မော်တာဖြင့်မွှေစဥ် မီးပွားထွက်ပြီး မီးလောင်ရာမှ နေအိမ် ၃ လုံး၊ RC ၄ ထပ်တိုက် ဘေးခြမ်းနှင့် EV ယာဥ်အပါအဝင် ကား ၂ စီး မီးလောင်ဆုံးရှုံးမှု ယနေ့ဖြစ်ပွား” ဟု ခေါင်းစဥ်ဖြင့် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပြီး သတင်းအပြည့်အစုံကို MT News သတင်းဌာန၏ ဝက်ဘ်ဆိုတ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။

◾ MT News သတင်းဌာနက ဖော်ပြခဲ့သော မီးလောင်မှုဖြစ်စဥ်သတင်း ဖတ်ရှုရန်

Leave a Reply

Your email address will not be published. Required fields are marked *